ဘဝနေထိုင်မှုပုံစံ

ဘဝနေထိုင်မှုပုံစံ
Published 14 January 2022

လူတစ်ဦးချင်းအလိုက်၊ အုပ်စုလိုက်နှင့် နိုင်ငံအလိုက် ဘဝနေထိုင်ပုံနည်းလမ်းများ မတူကြပေ။ ပထဝီဝင်အနေအထားအလိုက်၊ စီးပွားရေး အနေအထားအလိုက်၊ နိုင်ငံရေး အနေအထားအလိုက်၊ ယဉ်ကျေးမှုအလိုက်နှင့် ဘာသာရေးအလိုက်လည်း ဘဝနေထိုင်မှု ပုံစံများ ခြားနားမှုကို  ဖြစ်ပေါ်စေသည်။ ဒေသတစ်ခုအတွင်း သက်ဆိုင်ရာ အချိန်တစ်ခုနှင့် နေရာတစ်ခုအတွင်း နေထိုင်ကြသူများ၏ စရိုက်လက္ခဏာရပ်များကို ဘဝနေထိုင်မှုပုံစံများဟု ရည်ညွှန်းပြောဆိုလေ့ရှိကြသည်။ ယင်းတွင် နေ့စဉ်အမူအကျင့်များနှင့် အလုပ်ခွင်၊ လုပ်ဆောင်ချက်များ၊ ဖျော်ဖြေရေးများနှင့် အစာအာဟာရနှင့် ပတ်သက်သော တစ်ဦးချင်းစီ၏ ဆောင်ရွက်ပုံများပါဝင်သည်။

မကြာသေးမီ ဆယ်စုနှစ်များအတွင်း ဘဝနေထိုင်မှုပုံစံကို ကျန်းမာရေးနှင့် ပတ်သက်သော အရေးကြီးသည့် အကြောင်းခြင်းရာတစ်ရပ်အဖြစ် သုတေသနပြုသူများက ပိုမိုစိတ်ဝင်စားလာကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဆိုအရ လူတစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့်ဘဝအရည်အသွေးတို့နှင့် ပတ်သက်သော အကြောင်းခြင်းရာများ၏ ရာခိုင်နှုန်း ၆၀ သည် ဘဝနေထိုင်မှုပုံစံပေါ်၌ မူတည်နေကြောင်း သိရသည်။ လူသန်းပေါင်းများစွာတို့သည် မကျန်းမာသည့် ဘဝနေထိုင်မှုပုံစံအတိုင်း ရှိနေကြသည်။ ထို့ကြောင့် ၎င်းတို့သည် နာမကျန်းခြင်း၊ မသန်စွမ်းခြင်းနှင့် အရွယ်မတိုင်မီ သေဆုံးရခြင်းတို့ကို ကြုံတွေ့နေရသည်။ ဆီးချိုကဲ့သို့သော မတ္တာဘောလစ်ရောဂါများ၊ အဆစ်နှင့်အရိုးရောဂါများ၊ နှလုံးနှင့်သွေးကြောရောဂါများ၊ သွေးတိုးရောဂါ၊ အဝလွန်ခြင်းနှင့် အကြမ်းဖက်မှုအစရှိသော ပြဿနာများသည် မကျန်းမာသည့် ဘဝနေထိုင်မှုပုံစံတစ်ရပ်ကြောင့် ဖြစ်ပွားခြင်းဖြစ် နိုင်သည်။

ယနေ့ခေတ်တွင် လူသားအားလုံး၏ ဘဝ၌ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ အာဟာရချို့တဲ့ခြင်း၊ မကျန်းမာသော အစာအာဟာရ၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးစွဲခြင်းနှင့် စိတ်ဖိစီးမှုများခြင်း အစရှိသည်တို့သည် မကျန်းမာသည့် ဘဝနေထိုင်မှုပုံစံကို ပြသနေကြသည်။ ထို့ပြင် ခေတ်သစ်လူသားတို့၏ ဘဝများသည် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လာရသည်။ ဥပမာအားဖြင့် အင်တာနက်နှင့် လူမှုကွန်ရက်များကဲ့သို့သော နယ်ပယ်အတွင်း နည်းပညာအသစ်များ ပေါ်ထွန်းလာပြီး လူသား တို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို ခြိမ်းခြောက်နေသည့် အဓိက စိန်ခေါ်မှုများကို ဖြစ်လာစေသည်။ ယင်းစိန်ခေါ်မှုများသည် နည်းပညာကို အလွန်အကျွံသုံးစွဲမှုနှင့် တလွဲသုံးစွဲမှုတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဆောင်ရွက်ပြီးခဲ့သမျှသော လေ့လာချက်များအရ ဘဝနေထိုင်မှုပုံစံသည် လူသားတို့ ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် အရေးပါသော သက်ရောက်မှုရှိကြောင်း သိရသည်။ ယင်းကဲ့သို့သော သက်ရောက်မှုများသည် ပုံသဏ္ဌာန်များအရ ကွဲပြားခြားနားကြသည်။ အချို့သော လူမျိုးစုများတွင် သွေးသားတော်စပ်သူချင်း လက်ထပ်ထိမ်းမြားမှုသည် ကြီးစိုးလွှမ်းမိုးသော ဘဝနေထိုင်မှုပုံစံတစ်ရပ်ဖြစ်ပြီး ယင်းက မျိုးဗီဇဆိုင်ရာ မွေးရာပါရောဂါများဆီသို့ ဦးတည်သွားစေနိုင်သည်။ အချို့သောနိုင်ငံများတွင် ဆေးဝါး များ အလွန်အကျွံသုံးစွဲခြင်းသည် မကျန်းမာသည့် အဓိကဘဝနေထိုင်မှု ပုံစံတစ်ရပ်ဖြစ်သည်။ ဥပမာအားဖြင့် အီရန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆေးဝါးအလွန်အကျွံသုံးစွဲသော နိုင်ငံ ၂၀ စာရင်း၌ ပါဝင်သည်။ ၎င်းတို့သည် အခြားနည်းလမ်းများထက် ဆေးဝါးများ အသုံးပြုခြင်းကိုသာ ပိုမိုနှစ်သက်ကြသည်။ ယင်းနိုင်ငံများ၌ လူပေါင်း ၁၅ မှ ၄၀ ရာခိုင်နှုန်းသည် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးဝါးများကို အသုံးပြုလေ့ရှိသည်။ အီရန်နိုင်ငံတွင် အကိုက်အခဲပျောက်ဆေးများ၊ မျက်စဉ်းဆေးများနှင့် ပဋိဇီဝဆေးဝါးများကို အလွန်အသုံးများသည်။ မိမိသဘောဖြင့် ပဋိဇီဝဆေးဝါးများကဲ့သို့ ဆေးဝါးများ အသုံးပြုခြင်းသည် ကိုယ်ခံအားစနစ်အပေါ်၌ မကောင်းသော သက်ရောက်မှုရှိသည်။ အမှန်တကယ် ပိုးမွှားကြောင့် ရောဂါဖြစ်ပွားသည့်အခါ ပဋိဇီဝဆေးဝါးများကို ယဉ်ပါးလျက်ရှိ နေတော့သည်။ ဆေးယဉ်ပါးမှုအပြင် သေစေနိုင်သည်အထိ ဖြစ်နိုင်သော ဆေးဝါးဓာတ် မတည့်မှုလည်း ဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့် မိမိတို့၏ ဘဝနေထိုင်မှုပုံစံသည် မိမိတို့၏ကျန်းမာရေးအပေါ် ကြီးမားသော သက်ရောက်မှုရှိသည်ကို အမြဲမပြတ် သတိပြုရန်လိုအပ်ပါကြောင်းThe Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်

Most Read

Most Recent