မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင် လူဦးရေ ၃၄၉၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီများလိုအပ်နေကြောင်း  OCHA ထုတ်ပြန်

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင် လူဦးရေ ၃၄၉၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီများလိုအပ်နေကြောင်း  OCHA ထုတ်ပြန်
ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်အချို့အား ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက တွေ့ရစဉ်
ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်အချို့အား ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက တွေ့ရစဉ်
Published 13 January 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းတွင်  လူဦးရေ  ၃၄၉၈၀၀ ခန့် စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေကြောင်း  ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA) က ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် တပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်လာနေကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများကြောင့် ပြည်သူ့အိုးအိမ်များ ပျက်စီးခဲ့ရပြီး နိုင်ငံတွင်းနှင့် နိုင်ငံပြင်ပသို့ နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ တိုးပွားလာလျက်ရှိကြောင်း OCHA က ဆိုသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက် ကိန်းဂဏန်း များအရ ကယားပြည်နယ်တွင် လူဦးရေ ၈၇၈၀၀၊ ကရင်ပြည်နယ်တွင် လူဦးရေ ၇၄၂၀၀၊ မွန်ပြည်နယ်တွင် လူဦးရေ ၇၂၀၀ နှင့် တနင်္သာရီတိုင်းတွင် လူဦးရေ ၁၃၀၀ အပါအဝင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ လူဦးရေ ၁၉၂၃၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း OCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းအစိုးရ၏ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ လူဦးရေ ၄၇၀၀ ကျော်မှာ ထိုင်းနိုင်ငံအတွင်းရှိ ယာယီစခန်းများတွင် နေထိုင်ရလျက်ရှိကြောင်း ပါရှိသည်။ 

ထို့ပြင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် ဖေဖော်ဝါရီ  ၁ ရက်နောက်ပိုင်းမှစပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ကိန်းဂဏန်းများအရ စစ်ကိုင်းတိုင်းတွင် လူဦးရေ ၁၀၃၂၀၀၊ မကွေးတိုင်းတွင် လူဦးရေ ၂၀၁၀၀ နှင့် ချင်းပြည်နယ်တွင် လူဦးရေ ၃၃၈၀၀ အပါအဝင် လူဦးရေ ၁၅၇၅၀၀ ခန့် တိုက်ပွဲရှောင်ထွက်ပြေးလာခဲ့ရပြီး သတင်းများအရ ခရစ်ယာန်ဘုရားကျောင်းများ၊ စာသင်ကျောင်းများအပါအဝင် အိမ်အလုံးပေါင်း ၁၅၅၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်း OCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးအခြေအနေ၊ စစ်ဆေးရေးဂိတ်၊ သွားလာခွင့်ပြုမိန့်ရရှိမှုမရခြင်းတို့ကြောင့် လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် အဆိုပါနေရာများမှ အကူအညီလိုအပ်နေသူများထံ သွားရောက်ရန် ခဲယဉ်းလျက်ရှိကြောင်း OCHA က ဆိုသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် ဒီဇင်ဘာလက ကယားပြည်နယ်၌ တိုက်ပွဲပြင်းထန်မှုကြောင့် အချို့မိတ်ဖက်များအနေဖြင့် လုပ်ငန်းများရပ်နားထားရကြောင်းနှင့် ဒေသခံမိတ်ဖက်များမှာ ထပ်မံတိုက်ပွဲရှောင်လာသူများထံ အကူအညီများ အခွင့်ရသလောက် ပေးအပ်လျက်ရှိသော်လည်း လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် ခက်ခဲလျက်ရှိကြောင်း OCHA က ဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ နေရပ်စွန့်ခွာလာသူ ၁၀၀ ခန့်ကို နှစ်လစာ အစားအစာများ ပေးနိုင်ခဲ့သော်လည်း နိုင်ငံတစ်ဝှမ်းက လူထောင်သောင်းများစွာမှာ လုံလောက်သည့် အစားအစာ၊ ဆေးဝါးနှင့် အဝတ်အထည်များ လိုအပ်ဆဲဖြစ်ကြောင်း OCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။