မန္တလေးပဲစျေးကွက်တွင် နှစ်ရက်အတွင်း ပဲစင်းငုံအသစ် (၂၀၂၂) သုံးတင်းဝင်တစ်အိတ်လျှင်ကျပ် ၉၀၀၀ ခန့် စျေးမြင့်တက်

မန္တလေးပဲစျေးကွက်တွင် နှစ်ရက်အတွင်း ပဲစင်းငုံအသစ် (၂၀၂၂) သုံးတင်းဝင်တစ်အိတ်လျှင်ကျပ် ၉၀၀၀ ခန့် စျေးမြင့်တက်
Published 10 January 2022
မင်းလတ်

မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် ပဲစင်းငုံအသစ် (၂၀၂၂) ဝင်ရောက်ချိန်စောပြီး ကာလတူနှစ်နှင့်နှိုင်းယှဉ်လျှင် ကျပ် ၃၀၀၀၀ ခန့် အဖွင့်စျေးပိုရခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပဲအသစ်ပေါ်ပြီး တစ်လအတွင်းစျေးကွက်၏ ပဲလိုအပ်ချက်ကြောင့် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၉၀၀၀ အထိ ရောက်ရှိနေကြောင်း၊ နှစ်ရက်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၀၀၀ ခန့် စျေးတက်လာကြောင်း မန္တလေးမြို့ပဲကုန်သည်များထံမှ သိရသည်။

“၂၀၂၂ ခုနှစ် ပဲရာသီမှာ ပဲစင်းငုံအသစ်တွေက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စတင်ပြီး စျေးကွက်ထဲ စောစီးစွာဝင်ရောက်လာပါတယ်။ စျေးကွက်စဖွင့်ဖွင့်ခြင်းက ၁၀၅၀၀၀ စျေးနဲ့ အရောင်းအဝယ် စတင်ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာ ဇန်နဝါရီ ၇ ရက်နေ့ ပဲစင်းငုံအနီစျေးက ၁၂၀၀၀၀ စျေးရှိခဲ့တယ်။ အဖိတ်နေ့က ၁၂၀၀၀၀ စျေးရှိတာ။ အခု ဥပုသ်ထွက်နေ့  (ဇန်နဝါရီ ၁၀ ရက်) ကုန်စည်ဒိုင် ပြန်ဖွင့်တဲ့ရက်မှာ ပဲစင်းငုံစျေးက ထိုးပြီးတက်သွားတယ်။ ၁၂၉၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့တယ်။ ပဲစင်းငုံ စျေးတက်ရတဲ့ အကြောင်းရင်းက အိန္ဒိယနိုင်ငံက ပဲစင်းငုံဝယ်လိုအားနဲ့ နိုင်ငံခြားဝယ်စျေးတက်သွားတာကြောင့် စျေးတက်သွားတာဖြစ်တယ်။ ပဲစင်းငုံကို မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှာ အဓိကထားပြီး စိုက်ပျိုးကြတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာလည်း စိုက်ကြတယ်။ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှာလည်း စမ်းသပ်စိုက်ပျိုးပြီး လက်ရှိအချိန်မှာ မြေပြန့်ကို ပို့ဆောင်ရောင်းဝယ်နေကြပါပြီ။ ချင်းပဲစင်းငုံ၊ ကယားပဲစင်းငုံဆိုပြီး စျေးကွက်ထဲ ဝင်ရောက်မှုတွေ ရှိနေပါပြီ။ ပဲစင်းငုံ အဓိကထွက်တဲ့နေရာက ပခုက္ကူနဲ့ မုံရွာတို့က အကောင်းဆုံး ပဲစင်းငုံလို့ စျေးကွက်ထဲမှာ နာမည်ရပါတယ်။ လက်ရှိအချိန်မှာ မန္တလေးပဲစျေးကွက်ထဲကို စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ မြင်းမူစတဲ့နယ်တွေက စျေးကွက်ထဲ ဝင်ရောက်နေတယ်။ မန္တလေးဘက်ဆို အရှေ့တောလို့ခေါ်တဲ့ ပုသိမ်ကြီးနယ်ဘက်က စတင်ဝင်နေတယ်။ ပြီးခဲ့တဲ့နှစ် ပဲစင်းငုံတစ်အိတ် အမြင့်ဆုံး ၁၄၀၀၀၀ အထိ စျေးမြင့်တက်ခဲ့တယ်။ ပဲစင်းငုံစျေးက ပြီးခဲ့နှစ်က ၇၀၀၀၀ စျေးအထိ စျေးပြန်ကျဆင်းရန် အကြောင်းမရှိဘူးလို့ ခန့်မှန်းရပါတယ်။ ပဲစင်းငုံကို အိန္ဒိယကို အဓိကတင်ပို့နေပြီး ဘင်္ဂလားဒေ့ရှ်၊ နီပေါတို့ကို အိန္ဒိယလောက် အရေအတွက်မများပေမဲ့  နှစ်စဉ်ဝယ်ယူမူရှိတော့ တင်ပို့ပေးနေပါတယ်။ ပဲစင်းငုံကို မြန်မာလူမျိုးတွေ စားသုံးမှုနည်းပါးပါတယ်။ မြန်မာပြည်က ပဲစင်းငုံထွက်သမျှ ရာခိုင်နှုန်း ၁၀၀ အပြည့်နီးပါးလောက် နိုင်ငံခြားစျေးကွက်ကို ပို့ဆောင်ပေးရတဲ့ပဲ ဖြစ်ပါတယ်” ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောကြားသည်။

ပဲစင်းငုံကို မြန်မာပြည်အထက်ပိုင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့မှ အဓိကစိုက်ပျိုးထွက်ရှိပြီး တောင်သူများအတွက် စိုက်ပျိုးစရိတ် အသက်သာဆုံးနှင့် ရာသီဥတုဒဏ်ကိုလည်း အခြားသီးနှံများထက် ပိုမိုခံနိုင်ရည်ရှိခြင်းကြောင့် တောင်သူများ အဓိကအားထားစိုက်ပျိုးသည့် သီးနှံဖြစ်ကြောင်း သိရသည်။

Most Read

Most Recent