ဇွန်၊ ဇူလိုင်၊ သြဂုတ်လများကို ငါးသားပေါက်ရာသီအဖြစ် ပြန်လည်သတ်မှတ်ပေးရန် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်က တင်ပြထားကြောင်းသိရ

ဇွန်၊ ဇူလိုင်၊ သြဂုတ်လများကို ငါးသားပေါက်ရာသီအဖြစ် ပြန်လည်သတ်မှတ်ပေးရန် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်က တင်ပြထားကြောင်းသိရ
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ငါးဖမ်းလှေများကို တွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ငါးဖမ်းလှေများကို တွေ့ရစဉ်
Published 5 January 2022
ဇော်မိုးဦး (မြိတ်)

လာမည့်ငါးသားပေါက်ရာသီကို ဇွန်၊ ဇူလိုင်၊ သြဂုတ်များအဖြစ် ပြန်လည်သတ်မှတ်ပေးရန် ရေလုပ်ငန်းရှင်များ၏ ဆန္ဒအတိုင်း တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငါးသားပေါက်ရာသီသတ်မှတ်မှုကို မေ၊ ဇွန်နှင့် ဇူလိုင်လများအဖြစ် သတ်မှတ်ထားပြီး ယခု ၂၀၂၂ ခုနှစ်တွင် ငါးသားပေါက်ရာသီမှာ ဧပြီ၊မေနှင့် ဇွန်လများအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ တစ်နှစ်လျှင် တစ်လစီ အရှေ့စောပိတ်သွားမည့်အစီအစဉ်မှာ ရေလုပ်ငန်းသဘောသဘာဝအရရော၊ ရေလုပ်သားများအတွက် ပင်လယ်ပြင်လုံခြုံရေးအတွက်ပါ ထိခိုက်မည့်အနေထားရှိနေသည့်အတွက် ငါးလုပ်ငန်းအဖွဲ့အချုပ်က နေပြည်တော်ရှိ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ပြီးခဲ့တဲ့လက ငါးလုပ်ငန်းဦးစီးဌာနအစည်းအဝေးလုပ်ခဲ့တော့ တိုင်းငါးလုပ်ငန်းဦးစီးဌာနက မေးမြန်းလာတာရှိတယ်။ အဖွဲ့ချုပ်အနေနဲ့ တင်ပြစရာရှိရင်ပြောဆိုလို့ ကျွန်တော်တို့က ငါးလုပ်ငန်းရှင်တွေကို အစည်းအဝေး ခေါ်ယူခဲ့တယ်။ လှေရှင်တွေဆန္ဒကတော့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လကို ငါးသားပေါက်ရာသီအဖြစ် သတ်မှတ်ပေးစေချင်တယ်။ ငါးလုပ်ငန်းဦးစီးဌာနမှာတော့ တစ်နှစ်ကို တစ်လစော ပိတ်ထားတာမျိုးရှိတယ်။ ဒီနှစ်မှာ ဧပြီ၊ မေ၊ ဇွန်လ ဖြစ်မှာပေါ့။ ဒီလိုငါးဖမ်းရာသီပိတ်တာကို ပညာရှင်တွေ ထောက်ပြထားတဲ့အတိုင်း သတ်မှတ်ထားတာပါ။ လှေရှင်တွေနဲ့ ဆွေးနွေးပြီးတော့ ဇွန်၊ ဇူလိုင်၊ သြဂုတ်သတ်မှတ်ပေးဖို့ တင်ပြလိုက်ပါတယ်။ ကင်းမွန်လုပ်ငန်းရှင်များ အသင်းကလည်း ရှေ့တစ်လစောပိတ်သွားရင် လုပ်ငန်းမှာ အခက်အခဲဖြစ်သွားမယ်လို့ တင်ပြထားတာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ အားလုံးရဲ့ဆန္ဒအတိုင်း လာမယ့်ငါးသားပေါက်ရာသီကို ဇွန်၊ ဇူလိုင်၊ သြဂုတ်လများအဖြစ် သတ်မှတ်ပေးနိုင်ရေး တင်ပြလိုက်တာပါ” ဟု တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောကြားသည်။

ငါးသားပေါက်ရာသီကို ယခင်နှစ်များက သတ်မှတ်ထားခဲ့သည့်အတိုင်း ဇွန်၊ ဇူလိုင်နှင့် သြဂုတ်များအဖြစ် သတ်မှတ်ပေးပါက ရေလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရှိမည်ဖြစ်ကြောင်း သိရသည်။

“တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ငါးဖမ်းလှေကြီးတွေမှာ လုပ်ကိုင်နေတဲ့ ရေလုပ်သားအများစုက ထားဝယ်ဘက်များပါတယ်။ မိုးရာသီရောက်လို့ ငါးဖမ်းခွင့်ပိတ်လိုက်ရင် နေရပ်ကိုပြန်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ကြတယ်။ ပွင့်လင်းရာသီမှာ ငါးဖမ်းလုပ်ငန်းကို ပြန်ဝင်ကြတယ်။ အဲဒီအတွက် ရေလုပ်သားတွေအနေနဲ့ အလုပ်လက်မဲ့မဖြစ်တော့ဘူး။ နွေရာသီမှာ ငါးဖမ်းတာရပ်နားပြီး မိုးရာသီမှာ ငါးဖမ်းရမယ်ဆိုရင်တော့ ပင်လယ်ထဲမှာ လှိုင်းလေဒဏ်ကိုခံရပြီး ရေလုပ်သားတွေအတွက်လည်း အသက်အန္တရာယ်ရှိနိုင်တယ်။ နွေရာသီမှာ လုပ်ငန်းရပ်နားရမယ်ဆိုရင် လယ်ယာလုပ်ငန်းခွင်လည်း မလုပ်နိုင်ဘူး။ ရေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ပြီး မရောက်သင့်တဲ့နေရာတွေကို ရောက်သွားနိုင်တယ်။ ဒါကြောင့် ရေလုပ်ငန်းသဘောသဘာဝအရရော လုပ်ငန်းခွင်လုံခြုံရေးအရပါ မိုးရာသီမှာ ငါးဖမ်းဆီးခွင့် ပိတ်ထားသင့်ပါတယ်” ဟု ရေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

၂၀၂၁ ခုနှစ် ငါးဖမ်းရာသီကို မေ၊ ဇွန်နှင့် ဇူလိုင်လများအဖြစ် သတ်မှတ်ခဲ့ပြီး သြဂုတ်လမှ စတင်ကာ ငါးဖမ်းရာသီပြန်ဖွင့်ခဲ့ရာ မိုးရာသီလှိုင်းလေများကြား ငါးဖမ်းလှေငယ်များနှင့် ရာသီအလိုက် လုပ်ကိုင်ရသည့်လုပ်ငန်းများ အခက်တွေ့ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent