အင်းလေးခရမ်းချဉ်သီး ရာသီကုန်ချိန်အထိ စျေးကောင်းထိန်းထားနိုင်ပြီး နောက်တစ်ရာသီအတွက် ထပ်မံစိုက်ပျိုးနေကြောင်း သိရ

အင်းလေးခရမ်းချဉ်သီး ရာသီကုန်ချိန်အထိ စျေးကောင်းထိန်းထားနိုင်ပြီး နောက်တစ်ရာသီအတွက် ထပ်မံစိုက်ပျိုးနေကြောင်း သိရ
Published 5 January 2022

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးခရမ်းချဉ်သီးမှာ ရာသီကုန်ချိန်အထိ စျေးကောင်းထိန်းထားနိုင်ပြီးနောက် တစ်ရာသီအတွက် အနည်းငယ်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ဇန်နဝါရီ  ၅ ရက်တွင် ခရမ်းချဉ်စိုက်တောင်သူများထံမှ သိရသည်။

အင်းလေးခရမ်းချဉ်သီးစျေးနှုန်းသည် ၂၀၂၂ ခုနှစ် အစောပိုင်းရောက်ချိန်အထိ (အလုံးကြီး) တစ်တင်းလျှင် ကျပ် ၃၀၀၀၀ ကျော်မှ ၄၀၀၀၀  အတွင်း စျေးကောင်းရနေပြီး အလုံးငယ်တစ်တင်းလျှင် ကျပ် ၂၀၀၀၀ ကျော် ၃၀၀၀၀ ခန့် ပေါက်စျေးရှိသဖြင့် စျေးကောင်းကို ထိန်းထားနိုင်သေးကြောင်း ညောင်ရွှေမြို့မှ ခရမ်းချဉ်သီးစိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူများထံမှ သိရသည်။

ဆောင်းတွင်းကာလ အသီးရှားရာသီဖြစ်သဖြင့် အခြားဒေသထွက်သီးနှံများ မထွက်သဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ စံချိန်တင်စျေးကောင်းရရှိခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလကုန်အထိ စျေးကောင်းထိန်းထားနိုင်မည်ဟု မျှော်လင့်ရကြောင်း ခရမ်းချဉ်သီးကုန်စည်ဒိုင်အသင်းထံမှ သိရသည်။

“ခရမ်းချဉ်သီးစျေးက တစ်တင်း ၃၈၀၀၀ တဲ့။ စျေးတန်းနေတယ်။ တက်လိုက်ကျလိုက်ပေါ့။ အကြီးက ၃၈၀၀၀၊ အသေးကတော့ ၂၅၀၀၀ အစားစားပေါ့။ စျေးကောင်းနေတုန်းပဲ။ အသီးသေးတွေပဲ ကျန်တယ်။ ၂၅၀၀၀ ကနေ ၃၀၀၀၀ ပေါ့။ အကြီးစား စပါယ်ရှယ်ကတော့ ၃၀၀၀၀ ကျော်တယ်။ လကုန်လောက်အထိ ဆက်သွားမယ်ထင်တယ်။ ဘယ်နယ်မှ မရှိဘူးလေ။ ခါတိုင်းတော့ အဝေးပို့နိုင်ပေမယ့် အခုတော့ တခြားနယ်တွေကလည်း နယ်စားပဲ ထွက်တာကိုး။ ဒီထက်မတက်ခါမှနေ ဒီအောက် မကျတော့ဘူးလို့ ထင်တာပဲ။ စိုက်ကြတဲ့ တောင်သူတွေကလည်း နည်းတယ်။ စိုက်ကြတာနည်းနည်းတော့ စောတာပေ့ါ။ မတတ်နိုင်တဲ့သူက မစိုက်နိုင်ကြဘူး” ဟု ညောင်ရွှေမြို့ ခရမ်းချဉ်သီးကုန်စည်ဒိုင်မှ ဦးစိုးမြင့်သောင်းက ဆိုသည်။

အင်းလေးဒေသထွက် ခရမ်းချဉ်သီးစျေးနှုန်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စံချိန်တင်စျေးရရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ လလယ်ခန့်တွင် တစ်တင်းလျှင် ကျပ် ၅၂၀၀၀၊ ၅၃၀၀၀ အထိ စံချိန်တင်အမြင့်ဆုံးစျေးရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါစံချိန်တင် စျေးနှုန်းရရှိပြီးနောက်ပိုင်းတွင် စျေးတက်လိုက်ကျလိုက်ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အစောပိုင်းကာလအထိ တစ်တင်းလျှင် ၃၀၀၀၀ ကျော်မှ ၄၀၀၀၀ အထိ စျေးတန်းနေသေးကြောင်း သိရသည်။

 “အခြေအနေ နည်းနည်းအေးသွားတယ်။ စျေးကျသွားတာ အကြီးက ၁၆၀၀ တဲ့။ အသေးက ၁၄၀၀ တဲ့။ တစ်ပိဿာပေ့ါ။ တစ်တင်းဆိုရင် အစိမ်းစျေး ၃၀၀၀၀ ပတ်ချာလည်လောက်ပဲ ကျန်တော့တယ်။ ၁၀၀၀ စျေး ပတ်ချာလည်လောက်ပေ့ါ။ အစိမ်းကလည်း ထပ်အေးဦးမယ်နဲ့ တူတယ်။ သူ့နယ် ကိုယ့်နယ် နယ်စားတွေ ထွက်နေတော့ အရောင်းသိပ်မသွက်ဘူး ဖြစ်နေတယ်။ ပင်ကျသီးတွေ ဖြစ်သွားပြီ။ အလုံး သိပ်မလှတော့ဘူး။ ခူးပတ်ရေများသွားတော့ အလုံးသိပ်မလှတော့ဘူးလေ။ ရောင်းတော့ ရောင်းတုန်းပဲ ဝယ်လက်အေးသွားတယ်။ မများတော့ဘူး။ ၃၀၀၀၀ ကနေ ဆက်ကျဦးမယ့် အနေအထားပဲ။ ဝယ်လက်များမှ စျေးပြန်မြောက်မှာ အခုက ဝယ်လက်မရှိသလောက်ကို ဖြစ်သွားတာ။ အခုက မျိုးချသူတွေ ချနေကြပြီ။ နည်းနည်းပါးပါးလောက်ပဲ ပြန်ချသေးတယ်။ အင်းသီးက သုံးလပိုင်းလောက်ဆိုရင် ပြတ်သွားမယ်ထင်တယ်။ လေးလပိုင်းဆိုရင် အသစ်ပြန်စတော့မယ်” ဟု မိုင်းသောက်ကျေးရွာမှ ကုန်သည် ဦးကျော်လွင်က ပြောကြားသည်။

အင်းလေးကန်အတွင်း ခရမ်းချဉ်သီးကျွန်း မျောစိုက်ခင်းများ အနည်းငယ်မျိုးစေ့ချနေသူများလည်းရှိကြပြီး မတ်လတွင် ရာသီကုန်မည်ဖြစ်သဖြင့် ဧပြီလခန့်တွင် နောက်ထပ်တစ်ရာသီအတွက် ပြန်လည်စတင်မည်ဖြစ်ကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံမှ သိရသည်။

Most Read

Most Recent