ပခုက္ကူသီးနှံစျေးကွက်အတွင်း ပဲစင်းငုံတစ်တင်း ကျပ် ၃၅၀၀ ခန့် စျေးမြင့်တက်

ပခုက္ကူသီးနှံစျေးကွက်အတွင်း ပဲစင်းငုံတစ်တင်း ကျပ် ၃၅၀၀ ခန့် စျေးမြင့်တက်
ပဲစင်းငုံ ခြွေလှေ့နေသည့် တောင်သူများကို တွေ့ရစဉ်
ပဲစင်းငုံ ခြွေလှေ့နေသည့် တောင်သူများကို တွေ့ရစဉ်
Published 5 January 2022
သက်ထိန်ဝင်း

ပခုက္ကူသီးနှံစျေးကွက်တွင် ဇန်နဝါရီလ ပထမပတ်အတွင်း ပဲစင်းငုံဝယ်လိုအားများလာခြင်းကြောင့် တစ်တင်း ကျပ် ၃၅၀၀ ခန့် စျေးနှုန်းမြင့်တက်လာခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလတွင် ပဲစင်းငုံတစ်တင်း ကျပ် ၃၄၀၀၀ ပေါက်စျေးရှိရာမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ကျပ် ၃၆၆၀၀ အထိ ရောက်ရှိလာပြီး ဇန်နဝါရီ ၅ ရက် ပခုက္ကူပဲစင်းငုံစျေးကွက်တွင် တစ်တင်း ကျပ် ၄၀၀၀၀ အထိ မြင့်တက်သွားကြောင်း သိရသည်။

“ပဲစင်းငုံက လာမယ့် ၁၅ ရက်နေ့ဆိုရင် သင်္ဘောတင်ရတော့မှာ။ စျေးကွက်ထဲမှာက ပဲ လက်ကျန်မရှိတော့ အခုအသစ်ပေါ်ချိန်မှာ ပဲရဖို့ စျေးပေးဝယ်နေရတာ။ တစ်ရက်တည်း တစ်တင်း ၃၅၀၀ လောက် တက်သွားတယ်။ တောင်သူကတော့ ဒီစျေးတန်းမှာ အဆင်ပြေတယ်။ ကုန်သည်ကတော့ ပဲရဖို့ အဓိကထားလုပ်နေရတော့ အဆင်မပြေဘူး။ ကိုယ်ရောင်းထားတာ တစ်စျေး။ အခုစျေးမြင့်တော့တောင် သူအဆင်ပြေတယ်” ဟု ပခုက္ကူမြို့မှ ကိုထွန်းထွန်းအောင်က ပြောကြားသည်။

လက်ရှိတွင် ပခုက္ကူသီးနှံစျေးကွက်အတွင်း နေ့စဉ်ပဲစင်းငုံအသစ်အများအပြား ဝင်ရောက်နေပြီး လာမည့်ရက်များတွင် သက်ရင့်ပဲ စင်းငုံများ ရိတ်သိမ်းပြီးပါက လက်ရှိထက် ပိုမိုဝင်ရောက်လာနိုင်ကြောင်း သိရသည်။

“တောင်သူကတော့ ဒီစျေးကြိုက်တာပေါ့။ ပဲစင်းငုံစျေးမကောင်းတာ ကြာပြီ။ ဒီနှစ်မှ တစ်တင်း လေးသောင်းပြန်ရောက်တာ။ ပဲစင်းငုံသက်လတ်တွေက ရိတ်ပြီးလို့ ကောင်းနေပြီ။ နောက်ရက် သက်ကြီးသမားတွေလည်း ရိတ်ကြတော့မှာ။ ပဲစင်းငုံက မျိုးစရိတ်လည်း သက်သာတယ်။ မြေသြဇာလည်း အများကြီး မကျွေးရဘူး။ မိုးခေါင်တဲ့ဒဏ်လည်းခံနိုင်တော့ အညာနဲ့ ကိုက်တယ်။ အရင်မစိုက်ဘူး။ မနှစ်ကမှ စျေးပြန်ကောင်းနိုင်တယ်ဆိုတာနဲ့ နွားစာပဲရရဆိုပြီး စိုက်လိုက်တာ” ဟု တောင်သူ ကိုညွန့်လွင်က ပြောကြားသည်။

ပဲစင်းငုံအား ၂၀၁၇ ခုနှစ်မှစ၍ အိန္ဒိယမှ ဝယ်ယူမှုလျှော့ချခဲ့သည့်အတွက် ပဲစင်းငုံစျေးနှုန်း အလွန်အမင်းကျဆင်းခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ  အိန္ဒိယဝယ်လက်များ ဝယ်ယူမှု များပြားလာခြင်းကြောင့် စျေးနှုန်းပြန်လည် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် ပခုက္ကူဒေသတစ်ဝိုက် ပုံမှန်နှစ်များထက် မိုးပိုမိုရရှိခဲ့သည့်အတွက် သီးနှံအများစု အထွက်နှုန်းကောင်းမွန်ခဲ့ပြီး သီးနှံစျေးနှုန်းများမှာလည်း ထိုက်သင့်သည့် စျေးများရရှိကြောင်း တောင်သူများထံမှ သိရသည်။

Most Read

Most Recent