ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် နိုဝင်ဘာလထက် မြင့်တက်ခဲ့သော်လည်း အာရှနိုင်ငံများအနက် စီးပွားရေးအထိခိုက်ခံခဲ့ရဆုံးနိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြ

ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် နိုဝင်ဘာလထက် မြင့်တက်ခဲ့သော်လည်း အာရှနိုင်ငံများအနက် စီးပွားရေးအထိခိုက်ခံခဲ့ရဆုံးနိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြ
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကိုတွေ့ရစဉ်
ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကိုတွေ့ရစဉ်
Published 5 January 2022

ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် နိုဝင်ဘာလထက် မြင့်တက်ခဲ့သော်လည်း အာရှနိုင်ငံများအနက် စီးပွားရေး အထိခိုက်ခံခဲ့ရဆုံးနိုင်ငံအဖြစ် ကျန်ရစ်နေဆဲဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်သည့် HIS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှု (PMI) အညွှန်းကိန်းအမှတ် ၄၉ မှာ မှတ်တမ်းတင်ခဲ့ပြီး နိုဝင်ဘာလထက် မြင့်တက်ခဲ့သော်လည်း အပြောင်းအလဲမရှိ အမှတ် ၅၀ ထက် နိမ့်ကျနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု (PMI) အညွှန်းကိန်း အမှတ် ၄၆ ဒသမ ၇ သာရှိသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှစပြီး လစဉ်ဆုတ်ယုတ်လာခဲ့သော်လည်း အကျဘက်ဦးတည်မှုမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ငါးလဆက်တိုက် အားနည်းလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အော်ဒါအသစ်များမှာ ဒီဇင်ဘာလတွင် ဒသမကိန်းမျှ ကျသွားခဲ့ပြီး ကျဆင်းမှုနှုန်းမှာမူ ၁၆ လအတွင်းမှာ အားအပျော့ဆုံးဖြစ်လာကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

“မည်သို့ပင်ဖြစ်စေမြန်မာနိုင်ငံမှာ အာရှတိုက်ထဲက စီးပွားရေးအထိခိုက်ခံခဲ့ရဆုံးနိုင်ငံအဖြစ် ကျန်ရစ်နေပြီး ကုန်ကြမ်းရှားပါးမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ COVID-19 ကို ပူးပေါင်းလျက်ခံစားနေရပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသည်။

၂၀၂၁ ခုနှစ်၏ နောက်ဆုံးလအတွင်း ကုန်ကြမ်းများ ဝယ်ယူရေးအခက်အခဲများ ရှိမြဲရှိနေခဲ့ရာ လက်ကျန်အလုပ်များမှာ သိသာစွာမြင့်တက်လာခဲ့ကြောင်း၊ လက်တွေ့တွင် စုစည်းမှုနှုန်းမှာ ခြောက်နှစ်တာ စစ်တမ်းကာလအတွင်း အထင်အရှားဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါကာလအတွင်း ထည့်ကုန်ဝယ်ယူရေးလုပ်ငန်းများသည် ၂၂ လဆက်တိုက် ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလအတွင်း စစ်တမ်းကောက်ယူခဲ့သည့်အချက်အလက်များအရ ထုတ်စျေးနှင့် ထည့်ကုန်စျေး နှစ်ခုလုံး ရှေ့ဆက်မြင့်တက်လာခြင်းကိုဖော်ပြလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကုမ္ပဏီများသည် လာမည့် ၂၀၂၂ ခုနှစ်အတွင်း ၎င်းတို့၏ ထုတ်လုပ်မှုပမာဏများ တိုးချဲ့နိုင်မည်ဟု ယုံကြည်နေကြကြောင်း၊ အများအားဖြင့် စက်ပစ္စည်းများကို မွမ်းမံပေးလျက် ထုတ်လုပ်မှုတိုးချဲ့ရန် စီမံကိန်းများကို ထည့်သွင်းဖော်ပြလျက်ရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

Purchasing Manager’s Index (PMI) အညွှန်းအကိန်းများတွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့်ထည့်ကုန်များ စသည့်အညွှန်ကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။ ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

Most Read

Most Recent