၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ် ၂၂၅၄၈ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ်ဘီလျံ ၅၀၁၀ ကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ် ၂၂၅၄၈ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ်ဘီလျံ ၅၀၁၀ ကျော်ဖြင့် အများဆုံးဖြစ်
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကိုတွေ့ရစဉ်
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကိုတွေ့ရစဉ်
Published 28 December 2021

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့်  ကျပ် ၂၂၅၄၈ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၅၀၁၀ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံးခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုခွင့်ပြုလုပ်ငန်း ၁၇ ခုနှင့် အတည်ပြုလုပ်ငန်း ၄၄ ခု၊ စုစုပေါင်းလုပ်ငန်း ၆၁ ခုကို ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ကျပ် ၁၁၇၁၈၀၃ ဒသမ ၈၀၉ သန်း ခွင့်ပြုခဲ့သည်။ အဆိပါလုပ်ငန်းများအနက်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလုပ်ငန်း ၁၇ ခု၊အတည်ပြုလုပ်ငန်းရှစ်ခုတို့ကို ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီး မြှုပ်နှံမှုကော်မတီများက အတည်ပြုလုပ်ငန်း စုစုပေါင်း ၃၆ ခုကို ခွင့်ပြုပေးခဲ့သည်။

အဆိုပါလုပ်ငန်းများက ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၃၆၇၀ ဦးကို ဖန်တီးပေးနိုင်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံး၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၆၈၂၆၉ ဒသမ ၆၃၈ သန်းဖြင့် တတိယအများဆုံးဝင်ရောက်ခဲ့သည်။

ကျန်ကဏ္ဍများအနေဖြင့် မွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။

လျှပ်စစ်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့်  မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်    နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာ တင်ပြလာပါက ဦးစားပေးဆောင်ရွက်သွား မည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ (က) ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ) ဘိလပ် မြေထုတ်လုပ်ခြင်းလုပ်ငန်းများ (ဂ) သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ (ဃ) စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ (င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (စ) လျှပ်စစ်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်းများ (ဆ) ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ (ဇ) အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသားရင်းနှီး မြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာတင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဟု သိရသည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမှတ်-၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းဝ၁-၆၅၈၁၃၂၊၀၉၂၀၁၃၈၂၁  email:dica@ mptmail.net.mm နှင့် dica.ip.mm@ gmil.com တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Most Read

Most Recent