ဒီဇင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့ပြီး ဒီဇင်ဘာလအတွင်း လက်ရှိအချိန်အထိ ငါးကြိမ်ခွဲ၍ ဒေါ်လာ ၇၃ သန်း ရောင်းချထား

ဒီဇင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့ပြီး ဒီဇင်ဘာလအတွင်း လက်ရှိအချိန်အထိ ငါးကြိမ်ခွဲ၍ ဒေါ်လာ ၇၃ သန်း ရောင်းချထား
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးကို တွေ့ရစဉ်။
Published 23 December 2021

၂၀၂၁ ခုနှစ် ဒီဇင်ဘာ၂၂ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့ပြီး ဒီဇင်ဘာလအတွင်း လက်ရှိအချိန်အထိ ငါးကြိမ်ခွဲ၍ ဒေါ်လာ ၇၃ သန်းအထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒီဇင်ဘာ ၃ ရက် က ဒေါ်လာ ၁၅ သန်း၊ ဒီဇင်ဘာ ၉ ရက်က  ဒေါ်လာ ၁၃ သန်း၊ ဒီဇင်ဘာ ၁၅ ရက်က ဒေါ် လာ ၁၅ သန်း၊ ဒီဇင်ဘာ ၁၇ ရက်က ဒေါ်လာ  ၁၅ သန်းနှင့် ဒီဇင်ဘာ ၂၂ ရက်က ဒေါ်လာ  ၁၅ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၇၃ သန်းအထိ ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က  နိုင်ငံခြားငွေစျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့ နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေဖြည့်တင်းရန် အချက်နှစ်ချက်အား အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင် (Authorized Dealer-AC) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း  အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ)ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကိုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နိုင်ငံတော်၏   နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေ ဝယ်ယူရန်၊ ရောင်းချရန်တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံခြားငွေစျေးပြိုင်လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။

 

Most Read

Most Recent