ပြီးခဲ့သည့် နိုဝင်ဘာလ၌ ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော စုစုပေါင်း ၄၂ စင်း ဝင်ရောက်ခဲ့

ပြီးခဲ့သည့် နိုဝင်ဘာလ၌ ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော စုစုပေါင်း ၄၂ စင်း ဝင်ရောက်ခဲ့
Published 21 December 2021

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း သင်္ဘောလိုင်းအလိုက် စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၄၂ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပွင့်လင်းရာသီ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည် တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားခဲ့ခြင်းဖြစ်ပြီးယခု ဒီဇင်ဘာလတွင်လည်း ကုန်သေတ္တာတင် သင်္ဘောစုစုပေါင်း ၄၃ စင်းအထိ ပြေးဆွဲရန်လျာထားခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ မေလမှ စတင်ကာ နိုင်ငံတကာကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင်ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁ဝဝဝကျော်နှင့် အထွေထွေ ကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်းအနေဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်စီမံပံ့ပိုးမှုနှင့် ကုန်သေတ္တာဆိပ်ကမ်းတံတားများ၊ သင်္ဘောလိုင်းများနှင့် သွင်းကုန်ပို့ကုန် လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကုန်သေတ္တာတင်သင်္ဘောများအား ၂၀၂၁ ခုနှစ် မေလတွင် Turnaround Time ပျမ်းမျှသုံးရက်ခန့် ဖြင့် ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

မေလမှစ၍ သင်္ဘောဝင်ရောက်မှုနှင့် ကုန်ကိုင်တွယ်မှုများ ပြန်လည်မြင့်တက်လာခဲ့ကာ ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေ ကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းပြင် ဇွန်လမှစတင်ကာ နိုဝင်ဘာလကုန်ထိလည်း ကုန်သေတ္တာတင်သင်္ဘောအစင်း ၄၀ ကျော်အထိ ဝင်ရောက်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် Maersk Line Myanmar (Sealand Maersk) သင်္ဘောလိုင်းက ကုန်သေတ္တာတင် သင်္ဘောသစ် သုံးစင်းအား စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Maersk Line Myanmar က စတင်ပြေးဆွဲမည့် သင်္ဘောသစ်များဖြစ်သည့် Maersk Norberg ၊ Maersk Narvik နှင့် Maersk Nesna တို့ကို စတင်ပြေးဆွဲသွားမည်ဖြစ်သည်။ အဆိုပါသင်္ဘောသုံးစင်းအနက် Maersk Norberg သည် MITT နှင့် MIP ဆိပ်ကမ်းတံတားများတွင် ဆိုက်ကပ်ကုန်တင်ကုန်ချပြုလုပ်မည်ဖြစ်ကာ ၂၀၂၁ ဇွန် ၁၀ ရက်က Launching Ceremony အား MIP ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောသစ် သုံးစီးမှာ ကုန်သေတ္တာ ၁၇၅၀ TEU 21000 မက်ထရစ်တန် (ရေစူး ၉.၅ မီတာ) တင်ဆောင်နိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံစျေးကွက်အတွက် သီးသန့်ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ကုန်သေတ္တာတင်သင်္ဘောသစ်များ တိုးချဲ့ပြေးဆွဲခြင်းဖြင့် ပို့ကုန်များအတွက် Space & Equipment လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ပြီး ပို့ကုန်များအတွက် ဘိုကင်ရရှိရန် စောင့်ဆိုင်းရန် မလိုတော့ဘဲ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁၀ မီတာရှိသော နိုင်ငံတကာပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် ငါးလတာအတွင်း ရန်ကုန်အတွင်းဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းများသို့ တန်ချိန်သုံးသောင်းအထက် သင်္ဘော ၁၅၂ စင်း ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent