ပခုက္ကူသီးနှံစျေးကွက်အတွင်း နှမ်းနက်စျေးနှုန်းထပ်မံကျဆင်းလာရာ အမြင့်ဆုံး တစ်တင်း ကျပ် ၆၁၀၀၀ ပေါက်စျေးရှိပြီး ပဲစင်းငုံသစ်များ စတင်ဝင်ရောက်

ပခုက္ကူသီးနှံစျေးကွက်အတွင်း နှမ်းနက်စျေးနှုန်းထပ်မံကျဆင်းလာရာ အမြင့်ဆုံး တစ်တင်း ကျပ် ၆၁၀၀၀ ပေါက်စျေးရှိပြီး ပဲစင်းငုံသစ်များ စတင်ဝင်ရောက်
နှမ်းရိတ်သိမ်းနေသည့် တောင်သူများအား တွေ့ရစဉ်
နှမ်းရိတ်သိမ်းနေသည့် တောင်သူများအား တွေ့ရစဉ်
Published 20 December 2021
သက်ထိန်ဝင်း

ပခုက္ကူသီးနှံစျေးကွက်အတွင်း ယခုဒီဇင်ဘာလ တတိယပတ်တွင် နှမ်းနက်(စမုန်) စျေးနှုန်း ထပ်မံကျဆင်းလာရာ အမြင့်ဆုံး တစ်တင်း ကျပ် ၆၁၀၀၀ ပေါက်စျေးရှိပြီး ပဲစင်းငုံသစ်များ စတင်ဝင်ရောက်လာကြောင်း ကုန်သည်များထံမှ သိရသည်။

ပခုက္ကူသီးနှံကွက်သို့ နှမ်းနက် (စမုန်)သစ်များ စတင်ဝင်ရောက်ချိန် နိုဝင်ဘာလကုန်ပိုင်းက တစ်တင်းလျှင် ကျပ် ၇၁၀၀၀ ခန့်ထိ ပေါက်စျေးရှိခဲ့ပြီးနောက် ဝယ်လက်များ စျေးချဝယ်ယူခြင်းကြောင့် စျေးနှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူကုန်စည်ဒိုင်၏ ဒီဇင်ဘာလ ၂၀ ရက်နေ့စျေးကွက်တွင် နှမ်းနက်(စမုန်ရှယ်)တစ်တင်း ကျပ်  ၆၁၀၀၀ ၊ နှမ်း နက် (စမုန်ပုံမှန်) တစ်တင်း ကျပ် ၄၀၀၀၀ မှ ကျပ် ၅၉၀၀၀ ပေါက်စျေးရှိပြီး တရုတ်ဝယ်လက်များ အဓိက ဝယ်ယူနေကြောင်း သိရသည်။

“ အရင်ရက်တွေ စာရင်တော့ နှမ်းနက်စျေးက အကျဘက်မှာရှိတယ်။ ကုန်းလမ်းတင်ပို့မှု အဆင်မပြေပေမဲ့ ရန်ကုန်ကနေ သင်္ဘောလမ်းကြောင်းနဲ့ ပို့နေရတော့ အရောင်းအဝယ် ဖြစ်တယ်။ နှမ်းကလည်း အတော်များများ ရိတ်ပြီးကြတော့ ကုန်ဝင်လည်း များတယ်။ ထိပ်စတွေကတော့ အရောင်းအဝယ်ဖြစ်တယ်။ ဝယ်တဲ့ဝယ်လက်လည်း ပေါတယ်။ သူစျေးနဲ့သူတော့ ရောင်းဝယ်နေကြတယ်” ဟု ပခုက္ကူမြို့မှ သီးနှံကုန်သည် ကိုစိန်လွင်က ပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသည့် နှမ်းစျေးနှုန်းအရ တောင်သူများ အကျိုးအမြတ်နည်းသွားကြောင်းနှင့် နှမ်းပေါ်ချိန် စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ဧကလျှင် ကျပ် ၅၀၀၀၀ မှ ကျပ် ၁၀၀၀၀၀ ခန့်ထိ နစ်နာကြောင်း တောင်သူများထံမှ သိရသည်။

“တစ်ဧက နှမ်းက ငါးတင်းကနေ ကိုးတင်းလောက်ထိ ထွက်တော့ လက်ရှိစျေးနဲ့ တွက်ရင် တောင်သူက နစ်နာတယ်။ နှမ်း စပေါ်တုန်းလေးပဲ စျေးကောင်းရတယ်။ နောက်ပိုင်းဆိုရင် စျေးက ကျတော့တာပဲ။ နှမ်းနက်က အရင်းကြီးတယ်။ ဒီနှစ်ဆိုရင် မြေဆီမြေသြဇာစျေးကြီးတော့ နှမ်းတစ်တင်း ခြောက်သောင်းကျော် ခုနစ်သောင်းလောက်မှ မရောင်းရရင် တောင်သူက မြတ်ဖို့ဆိုတာ မလွယ်ဘူး။ ပြီးခဲ့တဲ့ သုံးနှစ်လောက်ကဆိုရင် နှမ်းတစ်တင်း ရှစ်သောင်းကျော်လောက်ထိ ရောင်းရဖူးတယ်” ဟု တောင်သူ ကိုမြင့်နိုင်က ပြောကြားသည်။

ပခုက္ကူသီးနှံစျေးကွက်သို့ ပဲစင်းငုံအသစ် အနည်းငယ်စတင်ဝင်ရောက်လာပြီး တစ်တင်းလျှင် ကျပ် ၃၂၅၀၀ ပေါက်စျေးရှိပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပဲစင်းငုံစျေးမှာ သိသွာစွာ မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။

Most Read

Most Recent