လာမည့် ၂၀၂၁-၂၀၂၂ ကြံရာသီတွင် မန္တလေးတိုင်းဒေသကြီး၌ ကြံစိုက်ဧက ၂၅၁၀၈ ဧက စိုက်ပျိုးရန်လျာထား

လာမည့် ၂၀၂၁-၂၀၂၂ ကြံရာသီတွင် မန္တလေးတိုင်းဒေသကြီး၌ ကြံစိုက်ဧက ၂၅၁၀၈ ဧက စိုက်ပျိုးရန်လျာထား
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြံစိုက်ပျိုးသည့်နေရာတစ်နေရာကို တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြံစိုက်ပျိုးသည့်နေရာတစ်နေရာကို တွေ့ရစဉ်
Published 20 December 2021
မင်းလတ်

မန္တလေးတိုင်းဒေသကြီးတွင် လာမည့် ၂၀၂၁-၂၀၂၂ ကြံရာသီအတွက် ကြံစိုက်ပျိုးရန် ပြင်ဦးလွင်ခရိုင် လေးမြို့နယ်တွင် ကြံစိုက် ဧက ၂၅၁၀၈ ဧကစိုက်ပျိုးရန် လျာထားသည်ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၀- ၂၀၂၁ ကြံရာသီက ခရိုင်နှစ်ခရိုင်ရှိ မြို့နယ်ငါးမြို့နယ်တွင် ကြံသီးနှံကို ၂၅၂၂၅ ဧက စိုက်ပျိုးခဲ့ကြောင်း ကြံမျိုးပေါင်းအနေဖြင့် ဒေသမျိုးငါးမျိုး၊ အထွက်တိုးမျိုး ၁၃ မျိုး၊ စုစုပေါင်း ကြံမျိုး ၁၈ မျိုး စိုက်ပျိုးထားသည်ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့ဇင်က ပြောကြားသည်။

“ လာမယ့် ဆောင်းရာသီအတွက် ကြံစိုက်ပျိုးဖို့ လျာထားတဲ့ဧကက ၂၅၁၀၈ ဧက လျာထားပါတယ်။ ကြံကို ဇန်နဝါရီလဆန်းကစပြီး စိုက်ပျိုးပါမယ်။ အခုချိန်က ကြံခုတ်ရာသီအချိန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ - ၂၀၂၁ ခုနှစ် ကြံရာသီက မန္တလေးတိုင်းဒေသကြီးမှာ ကြံသီးနှံကို ၂၅၂၂၅ ဧက စိုက်ပျိုးထားပါတယ်။ မြို့နယ်အနေနဲ့က ငါးမြို့နယ်မှာ စိုက်ပျိုးခဲ့ပါတယ်။ ခရိုင်အနေနဲ့က နှစ်ခရိုင်စိုက်ပျိုးထားပါတယ်။ မန္တလေးခရိုင်မှာ ပုသိမ်ကြီးမြို့နယ်မှာ ၂၄၀ ဧက ကြံသီးနှံစိုက်ပျိုးပါတယ်။ ပြင်ဦးလွင်ခရိုင်မှာ လေးမြို့နယ် စိုက်ပျိုးထားတယ်။ မတ္တရာမြို့နယ်မှာ ၁၈၅၈ ဧက၊ စဥ့်ကူးမြို့နယ်မှာ ၇၄၆၅ ဧက၊ သပိတ်ကျင်းမြို့နယ်မှာ ၅၂၁၆ ဧက၊ တကောင်းမြို့နယ်မှာ ၁၀၄၄၆ ဧက၊ စုစုပေါင်း မန္တလေးတိုင်းဒေသကြီးမှာ ခရိုင်နှစ်ခရိုင် မြို့နယ်ငါးမြို့နယ်မှာ ကြံသီးနှံကို ၂၅၂၂၅ ဧက စိုက်ပျိုးထားပါတယ်။ ဒီနှစ်အနေနဲ့က ပြင်ဦးလွင်ခရိုင် လေးမြို့နယ်မှာ ၂၅၁၀၈ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ မြို့နယ်အနေနဲ့က မတ္တရာမြို့နယ်မှာ ၂၀၀၈ ဧက၊ စဥ့်ကူးမြို့နယ် မှာ ၇၅၀၀ ဧက၊ သပိတ်ကျင်းမြို့နယ်မှာ ၅၂၀၀ ဧက၊ တကောင်းမြို့နယ်မှာ ၁၀၄၀၀ ဧကဆို ပြီး မန္တလေးတိုင်းဒေသကြီးအနေနဲ့ ပြင်ဦးလွင် ခရိုင်မြို့နယ်လေးမြို့နယ်မှာ ၂၅၁၀၈ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့ဇင်က ပြောကြားသည်။

“ ကြံစိုက်ပျိုးတဲ့ တောင်သူက တခြားသီးနှံစိုက်ပျိုးတဲ့ တောင်သူတွေလို စိုက်ပျိုးရေးဘဏ်ကနေ ချေးငွေထုတ်ခွင့်မရပါဘူး။ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ကြံသကြားစက်ရုံတွေနဲ့ ကြံစိုက်တောင်သူတွေနဲ့ ကြားထဲမှာ ချိတ်ဆက်ပေးပြီး ကန်ထရိုက်လယ်ယာပုံစံစနစ်နဲ့ ကြိုတင်စိုက်ပျိုးစရိတ်ချေး ငွေတွေကို နှစ်ဦးနှစ်ဖက်သဘောတူထုတ်ချေးတဲ့ လုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ကြံမျိုးအနေနဲ့ ၁၈ မျိုး စိုက်ပျိုးထားပါတယ်။ ဒေသမျိုးအနေနဲ့က ငါးမျိုး၊ အထွက်ကောင်းမျိုး ၁၃ မျိုးဆိုပြီး စုစုပေါင်းကြံမျိုး ၁၈ မျိုး စိုက်ပျိုးထားပါတယ်။ ကြံသီးနှံက တစ်နှစ်လုံးမှ သီးနှံတစ်မျိုးသာ စိုက်ပျိုးရတဲ့သီးနှံဖြစ်တဲ့အတွက် ကြံစိုက်တောင်သူတွေ ကြံပေါ်တဲ့အချိန်မှာ သကြားစျေးကွက် ခိုင်မာပြီး စျေးကောင်းမှ ကြံစျေးကောင်းရပါမယ်” ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့ဇင်က ဆက်လက်ပြောကြားသည်။

၂၀၂၀-၂၀၂၁ ကြံရာသီတွင် မြန်မာတစ်နိုင်ငံလုံး ဒေသအလိုက် ကြံစိုက်ပျိုးမှုလျော့ခြင်း၊ သကြားထုတ်လုပ်မှုလျော့ကျခြင်း၊ ပြည်ပနိုင်ငံမှ သကြားတင်သွင်းမှု ကန့်သတ်ချက်များရှိခြင်းကြောင့် ပြည်တွင်းသကြားစျေး ဆက်လက်မြင့်တက်ခဲ့ပြီး ယခုနှစ်တွင် ကြံတစ်တန် စျေးနှုန်းမြင့်တက်လာသဖြင့်  ကြံစိုက်ဧကတိုး လာမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent