မွန်ပြည်နယ် မုဒုံမြို့နယ် ဝက်တဲကျေးရွာတွင် ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခန့်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ်နှစ်လုံးမီးလောင် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
နေအိမ်မီးဖိုထဲမှ မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုအား မုဒုံမြို့နယ် မီးသတ်စခန်းမှ မီးငြိှမ်းသတ်ယာဉ် နှစ်စီး၊ ကမာဝက်နယ်မြေ မီးသတ်စခန်းမှ မီးငြိှမ်းသတ်ယာဉ် တစ်စီးနှင့် အရန်မီးသတ်စခန်းမှ မီးငြိှမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ်များနှင့် သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများက ၀ိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ တစ်ထပ်ခြေတံရှည်အိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ လူနဲ့ တိရစ္ဆာန်တော့ ထိခိုက်မှုမရှိပါဘူး”ဟု ၎င်းက ပြောကြားသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးကာ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။















