ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာနှင့် ခေါင်ဖူးဘုရားသို့ ဆက်သွယ်ထားထည့် ပေ ၁၅၀၀ ကျော်ရှည်သည့် မြစ်ကျိုးအင်းတံတား တည်ဆောက်ပြီးစီးခဲ့ကြောင်း ဒေသခံ ရွာသားများက ပြောကြား
သည်။
နှစ်စဉ်တွင် ဆိုင်ကယ်ဖြတ်ကူးနိုင်သည့် ၀ါးတံတားသာ တည်ဆောက်နိုင်ခဲ့ပြီး ယခုနှစ်တွင် မိုးဦးရာသီအထိ အသုံးပြုနိုင်ရန် အိမ်စီး ကားငယ်များ တိုက်ရိုက်သွားနိုင်ရန်ရည်ရွယ်၍ တစ်လကျော်ကြာ တည်ဆောက်ခဲ့ကြောင်း တာလောကြီးရွာသား ဦးတင်မြင့်က ပြောကြားသည်။
“တိုင်က အလုံး ၃၀၀ ကျော်တယ်။ ၀ါးက နှစ်ထောင်ကျော် ကုန်တယ်။ ခေါင်ဖူးဘုရား ခြေရင်းအထိ တိုက်ရိုက်ဖောက်ထားတယ်။ အခင်းကလည်း ပျဉ်ခင်းလိုက်တယ်။ တန်ဖိုးက အနည်းဆုံးသိန်း ၁၀၀ ကျော်မှာပေါ့။ မိုးရာသီ ကတော့ တံတားခင်းပျဉ်တွေကို ဖြုတ်ထားရမှာပေါ့”ဟု ပြောကြားသည်။
တာလောကြီး-ခေါင်ဖူး ကူးဖြတ်နိုင်သည့် တံတားကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်ကာ တိုင်းတာမှုများပြုလုပ်ခဲ့ပြီး တည်ဆောက်ရမည့် တံတားအရှည်မှာ ပေ ၁၅၀၀ ကျော်တွင် ရှိသဖြင့် ဘတ်ဂျက်ချပေးခဲ့ခြင်းမရှိကြောင်း ရပ်မိရပ်ဖဖြစ်သူ ဦးစန်းဝေက ဆိုသည်။
၎င်းက “မြစ်ကျိုးအင်းဆိုတော့ အင်ဂျင်နီယာတွေက ရေလှိုင်းရိုက်မှာကို စိုးရိမ်ကြတယ်။ ကျွန်တော်တို့ ဒေသခံတွေ ယူဆချက် က ချောင်းဟောင်း ပေ ၇၀၀ လောက်ကို သံပေါင် ဘေလီအဟောင်းတွေ ချပေးရင်ပဲ ရွာသားတွေစုပြီးဆောက်ဖို့ ကြိုးစားနေကြတယ်” ဟု ပြောကြားသည်။
မြစ်ကြီးနားမြို့နယ်ရှိ တာလောကြီးတိုက်နယ်သည် မြစ်ရိုးအလယ်တိုက်ရှိ အဓိကကျသော ကျေးရွာကြီးဖြစ်ကာ အိမ်ခြေပေါင်း ၃၀၀၀ ကျော်ရှိပြီး မြစ်ကြီးနားမြို့မှ မိုင် ၄၀ ကျော်ကွာဝေးသည်။















