မြန်မာနိုင်ငံအနေဖြင့် ပြည်သူများ၏ လူ့အခွင့်အရေးများ တန်းတူခံစားရရှိနိုင်ရေးနှင့် မညီမျှမှုများလျော့ကျစေရေး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အပါအဝင် အခြားအဖွဲ့အသီးသီးတို့က ချိတ်ဆက်ပူးပေါင်း၍ ကြိုးပမ်းလျက်ရှိဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သည့် (၇၃) နှစ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။
လူ့အခွင့်အရေးသည် လူသားအားလုံးရပိုင်ခွင့်ရှိသည့် ပယ်ဖျက်၍မရသောမွေးရာပါ အခွင့်အရေး ဖြစ်သော်လည်း မိမိတို့၏ အခွင့်အရေးများကို ရရှိခံစားရာတွင် သူတစ်ပါး၏အခွင့်အရေးများကို လေးစားတန်ဖိုးထားပြီး ထိခိုက်နစ်နာဆုံးရှုံးမှုမရှိရလေအောင် ကျင့်သုံးခြင်းမှာလည်း လူ့အခွင့်အရေး၏အရေးပါ သောအနှစ်သာရတစ်ရပ်ဖြစ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အဓိကအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များဖြစ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR)၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC)၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW)နှင့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRPD)တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်များနှင့် ဆက်စပ်သည့် နောက်ဆက်တွဲသဘောတူစာချုပ် အချို့ကိုလည်း ပါဝင်ချုပ်ဆိုခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း (၈)တွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များကို ပြဋ္ဌာန်းထားသကဲ့သို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များပါ အခွင့်အရေးများကို ရရှိခံစားနိုင်ရေးအတွက် ပြည်တွင်းဥပဒေများကိုလည်း ပြဋ္ဌာန်းကျင့်သုံးလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
(၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Equality-Reducing inequalities, advancing human rights ” ဖြစ်ပြီး မြန်မာမှုပြုပါက “တန်းတူညီမျှဖို့ မညီမျှတာချကာ လူ့အခွင့် အရေးကိုမြှင့်တင်ကြ” ဖြစ်ကြောင်း၊ “လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်” ဟူသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁)ပါ ဖော်ပြချက်နှင့်လည်း ဆက်နွယ်လျက်ရှိကြောင်း၊ တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံ မှုမရှိရေးတို့သည် လူ့အခွင့်အရေး၏ အခြေခံအကျဆုံးသော အနှစ်သာရများလည်းဖြစ်သည့်အတွက် ကဏ္ဍအသီးသီးတွင် မညီမျှမှုများနှင့် ခွဲခြားဆက်ဆံမှုများမရှိစေရေး ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့မြန်မာနိုင်ငံ အနေဖြင့်လည်း ပြည်သူပြည်သားများ၏ လူ့အခွင့်အရေးများ တန်းတူခံစားရရှိနိုင်ရေးနှင့် မညီမျှမှုများ လျော့ကျစေရေးတို့အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အပါအဝင် အခြားသက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့က ချိတ်ဆက်ပူးပေါင်း၍ အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ကိုဗစ်-၁၉ ကာကွယ်ရေးထိုးနှံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ပြည်သူအားလုံး တန်းတူညီမျှထိုးနှံခွင့်ရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းနှင့် ကိုဗစ်- ၁၉ကြောင့် ထိခိုက်ခဲ့သည့်ပြည်သူများ၏ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေးလုပ်ငန်းများအား အမြန်ဆုံးကုစားနိုင်ရေးဆောင်ရွက်ရန် ရှေ့လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်နေသည့် ကိစ္စရပ်ကိုလည်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအခွင့်အရေးများကို အပြည့်အဝခံစားရရှိပြီး ယင်းတို့၏ လူမှုဘဝမြင့်မားလာစေရေးနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတစ်ဝန်းလုံးတည်ငြိမ် အေးချမ်းမှုရှိရေးမှာ အဓိကျကြောင်း၊ သို့ဖြစ်၍ နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA သဘောတူညီချက်များကို အလေးထားအကောင်အထည်ဖော်လျက်ရှိပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို သာတူညီမျှရရှိခံစားနိုင်ရေးအတွက် မျှော်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
ထို့အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးအခြေအနေများ ဟန်ချက်ညီညီ မြင့်မားလာစေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့အစည်းများအနေဖြင့် တန်းတူညီမျှမှုရှိရေး အားလုံးပါဝင်နိုင်ရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေးစသည့် လူ့အခွင့်အရေး အခြေပြုနည်းလမ်းများကို လေးစားလိုက်နာ ကျင့်သုံးဆောင်ရွက်ရန် တိုက်တွန်းကြောင်း သဝဏ်လွှာ၌ ပါရှိသည်။















