ပင်လယ်အခြေပြုနိုင်ငံ

ပင်လယ်အခြေပြုနိုင်ငံ
Published 8 December 2021

နိုင်ငံတစ်နိုင်၏သမိုင်းသည် ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်မှုအပေါ်တွင်လည်း မူတည်ကြောင်း အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မာဟန် (၁၈၄၀-၁၉၁၄) က “ပင်လယ်အခြေပြု နိုင်ငံ” သဘောတရား (Sea Power Nation) ကို တင်ပြခဲ့သည်။ ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာပိုင်ဆိုင်ခြင်း၊ လက်နက်အင်အား တောင့်တင်းခြင်းနှင့် ဆိပ်ကမ်းကောင်းများကို ကမ္ဘာ့အခြားနေရာများတွင်ပါ ပိုင်ဆိုင်ထားခြင်းဟူသည့် အချက်များက ကမ္ဘာကြီးကို လွှမ်းမိုးနိုင်စေလိမ့်မည်ဟု တင်ပြခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏အင်အားသည် ကုန်းမြေအကျယ် အဝန်းတွင် မတည်၊ ကမ်းရိုးတန်းအလျားနှင့် ဆိပ်ကမ်းကောင်းများ၏ လက္ခဏာရပ်ပေါ်တွင် တည်သည်ဟူ၍ ဗိုလ်ချုပ်ကြီးမာဟန်၏ အယူအဆများက ပင်လယ်အင်အားကြီးမားစေရေး အတွက် အခြေပြုထားသည်ကို တွေ့ရသည်။

၎င်း၏အယူအဆဖြစ်သော နိုင်ငံ၏ ပထဝီဆိုင်ရာအချက်များတွင် ပင်လယ်ကိုသာ အခြေပြုထားသည်ကိုလည်း တွေ့ရှိရသည်။

အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မာဟန်သည် မဟာအင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်လာစေရန်အတွက် လိုအပ်ချက် ခြောက်ချက်ကိုလည်း တင်ပြခဲ့ပြန်သည်။ ၎င်းအချက် ခြောက်ချက်တွင်လည်း အဓိကအားဖြင့်ပထဝီရေးရာအချက်အလက်များ ပါဝင်နေသည်ကို တွေ့ရှိရသည်။ ယင်းအချက်ခြောက်ချက်မှာ (၁) ပထဝီဝင်တည်နေရာ (၂) မြေပြင် အနေအထား (၃) နိုင်ငံ၏အလျားအနံ (၄) လူဦးရေပမာဏ၊ (၅) အမျိုးသားလက္ခဏာရပ်နှင့် (၆) အစိုးရတို့ဖြစ်ကြသည်။

(၁) ပထဝီဝင်တည်နေရာ - နိုင်ငံ၏တည်နေရာသည် ပင်လယ်တစ်ခု သို့မဟုတ် တစ်ခုထက် ပိုသော ပင်လယ်များနှင့် ထိစပ်ရမည်။ ပင်လယ်သမုဒ္ဒရာများအကြား ရေကြောင်းဖြင့် အလွယ်တကူ ဆက်သွယ်နိုင်သော နေရာဖြစ်ရမည်။ ကုန်သွယ်ရေးလမ်းကြောင်းများကို လွှမ်းမိုးထားနိုင်သော နေရာဖြစ်ရမည်။ မဟာဗျူဟာအရ အရေးပါသော အခြေစိုက် စခန်းများကို လွှမ်းမိုးချုပ်ကိုင်ထားပြီး မိမိနှင့်ရန်ဘက်ဖြစ်နိုင်သည့် နိုင်ငံ သို့မဟုတ် ပြိုင်ဘက်နိုင်ငံများကို ခြိမ်းခြောက်နိုင်သောအနေအထားတွင် ရှိရမည်။

(၂) မြေပြင်အနေအထား - ရေနက်ဆိပ်ကမ်းများရှိသည့် ကောင်းမွန်သော ပင်လယ်ကမ်း ရိုးတန်းရှိရမည်။

(၃) နိုင်ငံ၏အလျားအနံ - ရှည်လျားသော ကမ်းရိုးတန်းရှိရမည်။

(၄) လူဦးရေပမာဏ - နိုင်ငံသည် အင်အားကြီးမားသော ရေတပ်ကို တည်ဆောက်ရမည်ဖြစ် ၍ ထိုရေတပ်အတွက် လိုအပ်သောတပ်သားအရေအတွက်ကို ဖြည့်စွမ်းပေးနိုင်ရမည်။

(၅) အမျိုးသားလက္ခဏာရပ် - လူအများစုသည် ကုန်သွယ်ရေး၊ အထူးသဖြင့် နိုင်ငံခြား ကူးသန်းရောင်းဝယ်ရေးတွင် စိတ်အားထက်သန်သူများဖြစ်ရမည်။ ပင်လယ်အင်အားကြီး နိုင်ငံတစ်ခုဖြစ်ရန် ငြိမ်းချမ်းနေသောကမ္ဘာတွင် ကုန်သွယ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်မှုအပေါ်တွင် အခြေခံရမည်။

(၆) အစိုးရ - ပင်လယ်အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာရန် အစိုးရ၏လက္ခဏာရပ်များနှင့် မူဝါဒသည် မှန်ကန်မှုရှိရမည်။ (မာဟန်သည် ပင်လယ်အခြေပြုနိုင်ငံ သဘောတရားကို ဖော်ထုတ်ခဲ့သူဖြစ်၍ ၎င်းဖွင့်ဆိုထားသော အစိုးရသည်လည်း ပင်လယ်အခြေပြု အစိုးရပင်ဖြစ်နေသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ပင်လယ်ရေတပ်အင်အားကို စနစ်တကျတည်ဆောက်ခြင်း၊ ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်သော သင်္ဘောတည်ဆောက်ရေး နည်းပညာများ မြင့်မားစေရန်ကြိုးပမ်းခြင်း၊ ရေကြောင်းသွားလာရေး အတတ်ပညာများကို တတ်ကျွမ်းသောပညာရှင်များ၊ စစ်သည်များ၊ အတတ်ပညာရှင်များကိုမွေးထုတ်ပေးခြင်း၊ ရေကြောင်းသွားလာရေးအတတ်ပညာများနှင့် သင်္ဘောတည်ဆောက်ရေးနည်းပညာများ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် သုတေသနပြု၍ တီထွင်ဖန်တီးစေခြင်းစသည့် အရာများဖြစ်ပေါ်စေရန် အစိုးရတွင် ပင်လယ်အခြေပြုခြင်းနှင့်ပတ်သက်သော မူဝါဒကောင်းများ၊ စနစ်ကောင်းများရှိရမည်ဟု ဆိုလိုခြင်းဖြစ်သည်။)

မာဟန်သည် အဆိုအမိန့်တစ်ခုဖြင့်လည်း ပင်လယ်ကို ထပ်မံအခြေပြုခဲ့ပြန်သည်။ ယင်းမှာ “နိုင်ငံနှင့်ထိစပ်သော ပင်လယ်အရေအတွက်များလေ၊ နိုင်ငံအင်အားကြီးနိုင်ခြေ ရှိလေဖြစ်သည်” ဟူ၏။ “ပင်လယ်အင်အားကြီးနိုင်ငံဖြစ်လျှင် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်မည်၊ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာရေးအတွက် ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်”ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။

ပင်လယ်နှင့်ပတ်သက်၍ အခြားအရေးကြီးသည့် အချက်တစ်ချက်မှာ “ပင်လယ်ပြင်သည် ယဉ်ကျေးမှုများကို ပေါင်းစည်းပေးနိုင်ခြင်း” ပင်ဖြစ်သည်။ ဥပမာအားဖြင့် ၁၉ ရာစု တွင် အင်္ဂလိပ်ရေတပ်သည် ကမ္ဘာ့ပင်လယ်ပြင်ကြီးများကို လွှမ်းမိုးထားခဲ့သည်။ ဗြိတိသျှ ရေတပ်၏ မဟာဗျူဟာမြောက် အနှစ်သာရမှာ ရန်သူ့ရေတပ်ကို နာလန်မထူနိုင်အောင် ချေမှုန်းနိုင်စွမ်းရှိသည့် တိုက်သင်္ဘောများကို အလေးထားတည်ဆောက်ပြီး ပင်လယ်ပြင်ကို လွှမ်းမိုးနိုင်ရေးပင်ဖြစ်သည်။ အမေရိကန်သမ္မတ ရုစဗဲ့လက်ထက်တွင် မာဟန်၏အယူအဆသည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒအတွက် အခြေခံမူဝါဒဖြစ်ခဲ့သည်။ ဂျာမန်ဘုရင် ဒုတိယမြောက်ဝီလျံသည် ဂျာမန် ရေတပ်သင်္ဘောစာကြည့်တိုက်များတွင် မာဟန်၏ စာအုပ်များကို ထားရှိကာ ဖတ်ရှုစေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ “ပင်လယ်အခြေပြုနိုင်ငံ” သဘောတရားသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအတွက် များစွာအရေးပါသည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၉ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent