ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုကို လျှောက်လှမ်းနေခြင်းဖြစ်ပြီး လုံးဝသွေဖည်မည် မဟုတ်ကြောင်းနှင့် နိုင်ငံရေးတာဝန်အား ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ရခြင်းသည် ဖန်တီးဆောင်ရွက်ခဲ့ခြင်းမဟုတ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုကို လျှောက်လှမ်းနေခြင်းဖြစ်ပြီး လုံးဝသွေဖည်မည် မဟုတ်ကြောင်းနှင့် နိုင်ငံရေးတာဝန်အား ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ရခြင်းသည် ဖန်တီးဆောင်ရွက်ခဲ့ခြင်းမဟုတ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 6 December 2021

ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကိုလျှောက်လှမ်းနေခြင်း ဖြစ်ပြီး လုံးဝသွေဖည်မည် မဟုတ်ကြောင်းနှင့် နိုင်ငံရေးတာဝန်အားဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ရခြင်းသည် ဖန်တီးဆောင်ရွက်ခဲ့ခြင်း မဟုတ်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ ဒီဇင်ဘာ ၆ ရက်က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဦးစိန်သန်းနှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံရာတွင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

မိမိတို့အနေဖြင့် နိုင်ငံ၏ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်တာဝန်များကို ခေတ္တဝင်ရောက် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကို လျှောက်လှမ်းနေခြင်းဖြစ်ပြီး ပြည်သူများရွေးချယ်ထားသည့် လမ်းကြောင်းဖြစ်သဖြင့် လုံးဝသွေဖည်မည် မဟုတ်ကြောင်း၊ နိုင်ငံရေးတာဝန်အား ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ရခြင်းသည် မိမိတို့က ဖန်တီးဆောင်ရွက်ခဲ့ခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း လွပ်လပ်၍မျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ နိုင်ငံရေးတွင်ရိုးသားမှုရှိစေရေးနှင့် နိုင်ငံရေးအရ လက်စားချေခြင်းများ မပြုလုပ်စေရေးအတွက် မိမိအနေဖြင့်အမြဲမပြတ် တိုက်တွန်းပြောကြား ဆောင်ရွက်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်များက သမ္မတရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သမ္မတမှတစ်ဆင့် တရားသူကြီးများ ခန့်အပ်ခြင်းများကို ဆောင်ရွက်ရခြင်းဖြစ်သဖြင့် အထွေထွေရွေးကောက်ပွဲတွင် မျှတမှုရှိစေရေးသည် နိုင်ငံအတွက် လွန်စွာအရေးကြီးခြင်းပင်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် မသမာမှုများ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယခုကဲ့သို့ နိုင်ငံတော်တာဝန်များကို ဝင်ရောက်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပြည်သူများရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ယခုတက်ရောက်လာသည့် ဘာသာပေါင်းစုံအဖွဲ့၏ ကူညီဆောင်ရွက်မှုများလည်း လိုအပ်ကြောင်း၊ နိုင်ငံ့အရေးကိစ္စများ ဆောင်ရွက်ရာတွင် အားလုံးပါဝင်သော စုပေါင်းအားဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ အချင်းချင်း သဘောထား ကွဲလွဲမှုများရှိနိုင်သော်လည်း အများစု၏ ဆန္ဒသဘောထားကို လက်ခံဆောင်ရွက်ရန် လိုသကဲ့သို့ အနည်းစု၏ဆန္ဒသဘောထားကိုလည်း ထည့်သွင်းစဉ်းစား၍ ဆင်ခြင်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေး လျှောက်လှမ်းမှုတွင် အဆင်ပြေချောမွေ့စေရန်အတွက် မိမိတို့ကဝိုင်းဝန်းဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ချိန ်တွင်လည်း အားလုံးပူးပေါင်း၍ ဆောင်ရွက်မည်ဆိုပါက အကောင်းဆုံးအခြေအနေ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာ အများဆုံး ကိုးကွယ်ကြသော်လည်း ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ် ဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များနှင့် အခြားဘာသာဝင်များလည်းရှိပြီး ရှေးယခင်ကတည်းကပင် အတူတကွ စုစည်းနေထိုင်ခဲ့ကြကာ ဘာသာတရားအလိုက် ကိုးကွယ်နေကြသည့် ဓလေ့ထုံးတမ်းစဉ်လာများပင် ဖြစ်ကြောင်း၊ မိမိအနေဖြင့် ဘာသာရေးနှင့်ပတ်သက်၍ အစွန်းရောက်မှုများမရှိအောင် တိုက်တွန်းပြောကြားလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် နိုင်ငံကောင်းအောင်ဆောင်ရွက်ရာတွင် နိုင်ငံတော်အပေါ်သစ္စာရှိရန် လိုကြောင်း၊ နိုင်ငံသူနိုင်ငံသားအားလုံး နိုင်ငံကောင်းအောင်စေတနာထား၍ ၀ိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ နိုင်ငံလွတ်လပ်ရေး ရရှိခဲ့သည်မှာ ၂၀၂၃ ခုနှစ်တွင် ၇၅ နှစ်စိန်ရတုနှစ်သို့ပင် ရောက်ရှိတော့မည် ဖြစ်ကြောင်း၊ ဖြတ်သန်းလာသည့် ကာလများတွင် ကြုံတွေ့ခဲ့ရသည့် သင်ခန်းစာများကို အသုံးချ၍ နိုင်ငံ့ကောင်းရာကောင်းကျိုးတို့ကိုု ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဘာသာရေးအဖွဲ့အစည်းများဖြစ်သော်လည်း ဘာသာရေးကို အခြေမခံဘဲ နိုင်ငံ့အရေးနှင့် အမျိုးသားရေးကို အခြေခံ၍ တိုင်းပြည်အကျိုးစီးပွား တိုးတက်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြမည်ဆိုပါက ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ပြီး တိုင်းပြည်ကောင်းအောင် မည်သို့လုပ်မည်နည်းဆိုသည့် စိတ်ဆန္ဒသည် အဓိကဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဗုဒ္ဓဘာသာအသင်းမှ ဦးဆန်းထွန်း၊ ဟိန္ဒူဘာသာအသင်းမှ ဦးဇော်ဇော်နိုင်၊ ခရစ်ယာန် ဘာသာအသင်းမှဦးမိုးဇင်၊ အစ္စလာမ်ဘာသာ အသင်းမှ ဦးအောင်ဇော်ဝင်းတို့နှင့် အလုပ်အမှုဆောင်များ၊ တရုတ်ဘုံကျောင်းများမှ ကိုယ်စားလှယ် ဦးအောင်ချိုနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent