သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်မာမာခိုင် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရ

သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်မာမာခိုင် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရ
Published 1 December 2021
ဘိုဘိုမြင့်

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၂) မှ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်မာမာခိုင် အား နိုဝင်ဘာ၃၀ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ဒေါ်မာမာခိုင်အား ဆန္ဒပြပွဲများတွင် ဦးဆောင် ပါဝင်ခြင်း၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများ ပါဝင်ပေးရန် လှုံ့ဆော်ခြင်းအတွက်ကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် သထုံမြို့၊ ဇင်မသွယ်အကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒေါ်မာမာခိုင်ကို  မနေ့  (နိုဝင်ဘာ ၃၀ ရက်) က ဇင်မသွယ် အကျဉ်းထောင်မှာ ဖွင့်လှစ်ထားတဲ့ အထူးတရားရုံးမှာ ပုဒ်မ - ၅၀၅ (က) အရ အလုပ်နဲ့ ထောင်ဒဏ် (၁) နှစ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်” ဟု ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်မာမာခိုင်နှင့် ခင်ပွန်းဖြစ်သူ သထုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင်  ဦးဉာဏ်ထွန်းတို့မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ - ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရကြောင်း၊ သို့သော်လည်း ဦးဉာဏ်ထွန်းအား ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်က အမှုပိတ်သိမ်းကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဒေါ်မာမာခိုင်မှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း သထုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ရွေးကောက်တင်မြှောက် ခံခဲ့ရဖူးသူဖြစ်ကြောင်း သိရှိရသည်။                                                 

Most Read

Most Recent