ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ရွှေဖောင်များဖြင့် ရွှေကျင်နေမှုကို ဘာသာပေါင်းစုံနှင့် ရပ်မိရပ်ဖများအားလုံးက စုပေါင်းကန့်ကွက်ကြောင်း နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၂၆ ရက်နှင့် ၂၈ ရက်တွင် ရွှေ ကူမြို့ရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာဝင်များနှင့် မြို့မိမြို့ဖများ၊ ကျွန်းတော်ဘုရားဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက ရွှေကူမြို့ မင်္ဂလာပရိယတ္တိစာသင်တိုက်တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။
နိုင်ငံတော်သံဃနာယက ဗဟိုဝန်ဆောင် မြို့မကျောင်းဆရာတော် ဘဒ္ဒန္တနာဂိန္ဒနှင့်ရွှေကူမြို့ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသီရိန္ဒတို့က မိမိတို့ဆရာအဆက်ဆက်၊ မိဘဘိုးဘွား အဆက်ဆက် မပျက်မပျောက် ထိန်းသိမ်းခဲ့သည်များကို ထိန်းသိမ်းစေလိုကြောင်း၊ တာဝန်သိသူမှာ တာဝန်ရှိကြောင်း မိန့်ကြားခဲ့ကြသည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ဦးကျော်နိုင်ဝင်းက ပြောကြားသည်။
အစည်းအဝေးတက်ရောက်သူ မြို့မိမြို့ဖများက ဒေသခံများမပါဝင်ဘဲ ယခုကဲ့သို့ ဖြစ်လာစရာမရှိကြောင်း၊ ဌာနဆိုင်ရာများက နည်းနည်းရှိစဉ်ကတည်းက ပစ်ထားခဲ့သဖြင့် ယခုကဲ့သို့ ထိန်းမနိုင်သိမ်းမရသည့် အခြေအနေဖြစ်ကြောင်း၊ တိုက်ရိုက်ဖမ်းဆီးခြင်းမှာ ကာလတန်ဖိုးအားဖြင့် ထိခိုက်မှုများမည့်အတွက် ကြိုတင်သတိပေးပြီးနောက် ဖမ်းဆီးတားမြစ်မှုများ ပြုလုပ်သွားရန် သဘောတူခဲ့ကြောင်း၊ ဆရာတော်များနှင့် အခြားဘာသာဝင် ခေါင်းဆောင်များက နီးစပ်ရာ ရွှေတူးသူများကို တညီတညွတ်တည်း ကန့်ကွက်တားဆီးရန် ဆရာတော်ကြီးများကို တင်ပြလျှောက်ထား သဘောတူခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတက်ရောက်ခဲ့သူ ဦးကျော်နိုင်ဝင်းက “လာကြတာတော့ ရဲဌာန၊ တပ်မတော်တပ်ရင်းက တာဝန်ရှိသူ၊ သတ္တုတွင်း၊အထွေထွေအုပ်ချုပ်ရေး အစုံနီးပါးလာကြတယ်။ ကျွန်တော်ကတော့ ဒီလုပ်ငန်းဟာ အရင်းအနှီးကြီးလွန်းတယ်။ မရှိလို့လုပ်စားတာလည်း မဟုတ်ဘူး။ ခေတ်မကောင်းတာကို အကြောင်းပြလုပ်စားတာ ဖြစ်တယ်။ အထင်ကရနေရာတွေနဲ့ ရွှေကူမြို့ကို ထိခိုက်နိုင်တယ်။ သတ္တုတွင်းဥပဒေအရ ဆက်စပ်ပစ္စည်းသိမ်းလို့ရတယ်။ ထောင်ဒဏ် ၁၀ နှစ်အထိ၊ ကျပ်ငွေသိန်း ၅၀ အထိချနိုင်တယ်။ အခုက ခိုးတူးနေ့တူးမဟုတ်ဘူး။ နေ့ညနီးစပ်ရာ ရပ်ကွက်အိပ်မရအောင် လုပ်နေကြတာ။ အရေးယူတုံ့ပြန်လိုက်ရင် လုပ်ရဲမှာမဟုတ်ဘူးလို့ တင်ပြခဲ့တယ်” ဟု ပြောကြားသည်။
ရွှေပေါ်ကျွန်းထိပ်တွင်ရှိသည့် ရွှေဖောင်အများစုမှာ နိုဝင်ဘာ ၂၅ ရက်မှစကာ ကုန်သလောက်နီးပါး တိမ်းရှောင်သွားပြီး အချို့မှာမြို့အနီး ချောင်းမြောင်းထဲတွင်ရှိပြီး အချို့မှာ အထက်၊အောက် ထွက်ခွာသွားပြီဖြစ်ကြောင်း ငါးဘတ်ဝကျေးရွာသားများက ဆိုသည်။
“အချိန်မီတားနိုင်ပေမဲ့ ရေလမ်းကြောင်းက ကျွန်တော်တို့ ရွာဘက်ထိုးတယ်။ ရွှေကူမြို့ဘက်ခြမ်းလည်း လှည့်လာတယ်။ ဟိုးဘက်ကမ်းမှာဆိုရင် ရွှေကူမြို့နဲ့အတူတည်ခဲ့တဲ့ ရွှေအံတော်ဘုရားခြေရင်း ဒေသအခေါ် ဘလက်ဆိပ်ကမ်းပေါ့။ အဲဒီတည့်တည့်ကို ရေကြောင်းထိုးသွားတာ။ စက်ကြီးတွေက နည်းတာကြီးတွေ မဟုတ်ဘူး။ တစ်ညတည်းနဲ့ မျှောစာပုံ (ရွှေကျင်ပြီး ကျောက်ပုံ) အကြီးကြီးပေါ်ခဲ့တာ။ အခုတော့ ရွှေဖောင်တစ်စင်းမှ မရှိတော့ဘူး” ဟု ပြောကြားသည်။
ဘာလီရွှေဖောင်များကို မြစ်ဆုံအောက်ပိုင်း၊ မြစ်ကြီးနားနှင့်ဆင်ဘိုကြား၊ ဆင်ဘိုမြစ်ကျဉ်းအထွက်နှင့် ရွှေကူမြို့ အထက်ဘက်တွင် အစင်းရေ ထောင်ဂဏန်းခန့်ရှိကြောင်း ဒေသခံမှတ်တမ်းများအရ သိရသည်။
ဘာလီရွှေဖောင်များ လပိုင်းအတွင်း အလွန်အကျွံများလာခြင်းမှာ ယခင်ခရီးသည်တင် ရေယာဉ်ပြေးဆွဲသည့် ရှပ်ပြေးမော်တော်များမှာ အလုပ်မရှိသဖြင့် ဘာလီရွှေဖောင်အဖြစ် အသွင်ပြောင်းခြင်းကြောင့်ဖြစ်သည်။
“ရှပ်ပြေးပေါ် နောက်ထပ်စက်တစ်လုံး၊ ပိုက်တစ်လုံးနဲ့ မျှောတိုလေးတင်လိုက်ရင် ရွှေဖောင်ဖြစ်သွားပြီလေ။ အသစ်ဝယ်မယ်ဆိုရင် ကျပ်သိန်း ၄၀၀ ဝန်းကျင်က ပြေးမလွတ်ဘူး။ ရှပ်ပြေးပိုင်ရှင်တွေလည်း သုံးလ၊ လေးလမှာ ခရီးတစ်ကြောင်းထွက်ရတော့ မကိုက်ဘူးဖြစ်နေပြီ။ အခုတော့ ရွှေကတစ်ရက် နှစ်ကျပ်သား လောက်ရတော့ သက်ဆိုင်ရာကိုစုပြီးများများပေးထားတော့ နေ့ညမောင်းနေကြတာ။ ကျွန်တော်တို့ ဗန်းမော်မှာတော့ ရှပ်ပြေးမော်တော် အားလုံးလောက်ကို ရွှေဖောင်ဖြစ်သွားတာ” ဟု ဗန်းမော်မြို့ခံတစ်ဦးက ဆိုသည်။















