မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် ဝက်များတင်လာသည့် မော်တော်ယာဉ်တစ်စီးအား ရဲစခန်းရှေ့၌ တားဆီးရာ မရပ်သဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် ဝက်များတင်လာသည့် မော်တော်ယာဉ်တစ်စီးအား ရဲစခန်းရှေ့၌ တားဆီးရာ မရပ်သဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ
Published 29 November 2021
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာတွင် နိုဝင်ဘာ ၂၈ ရက် ညနေ ၆ နာရီကျော်အချိန်တွင် မိုးညှင်းဘက်မှ ဝက်ခြောက်ကောက်တင်လာသည် ဟိုက်ဂျက်အမျိုးအစား မော်တော်ယာဉ်တစ်စီးသည် မော်ဟန်ရဲစခန်းရှေ့တွင် တားဆီးရာမှ ချက်ချင်း မရပ်သဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကိုကူညီခဲ့သူများထဲမှ တစ်ဦးက “ဖြစ်ချင်တာလို့ပြောရမှာပေါ့ အစ်ကို။ မိုးညှင်းဆယ်မိုင်ကျေးရွာကနေ မော်ဟန်ကို ဝက်တင်ပြီးပြန်လာတာ။ ညနေ ၆ နာရီဆိုတော့ ဒီမှာနှင်းတွေ မြူတွေနဲ့ မှောင်နေပြီလို့ ပြောရမှာပေါ့။ မော်ဟန်အထွက် လွဲခန်းတောင်ကြော တစ်ခုလုံးက အောက်ဘက်က နေရိက္ခာတင် စစ်ယာဉ်တန်းဖြတ်နေတော့ ကင်းပုန်းတွေတစ်လမ်းလုံး ရှိနေတာ ကြောက်ကြောက်နဲ့ မောင်းတော့ အိပ်ဇောကနေ ဘောင်းဘောင်းဆိုပြီး အသံပွင့်တယ်လေ။ အဲဒါကို သေနတ်သံနဲ့မှားပြီး တားခိုင်းတာလို့ ဆိုတယ်။ ရဲစခန်းရှေ့ရောက်တော့ တားတယ်။ ကားကို ကြောက်ကြောက်နဲ့ အမြန်မောင်းတော့ စခန်းရှေ့ရောက်တော့တားတာ ဘရိတ်မမိသလို အရှိန်လွန်သလို ဖြစ်သွားတာပေါ့။ ၀ိုင်းပစ်တာ အချက် ၃၀ ကျော်မယ်။ အကုန်မှန်ပဲ။ ဝက်တွေကော။ ကားလမ်းပေါ်က စခန်းရှေ့တင်ပဲ။ ဘေးနားမှာလဲ အိမ်တွေ ရှိတယ်လေ။ ဒရိုင်ဘာက ဘယ်ခြမ်းခေါင်းကို ဖောက်ဝင်သွားတယ်။ ရင်ညွန့်၊ လက်မောင်းတွေ မှန်တယ်။ ဇာတိက မန္တလေးက  မိုးညှင်းသူနဲ့ အိမ်ထောင်ကျနေတာ။ တစ်ယောက် ပေါင်၊ လက်မောင်းမှန်တယ်။ သူက ကျွန်တော်တို့ မော်ဟန်သားပဲ” ဟု ပြောကြားသည်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ အ သက် ၂၅  နှစ်အရွယ်ရှိ ယာဉ်နောက်လိုက် အောင်မျိုးဆန်း(ခ)ကျွဲကြီးကို ည ၇ နာရီကျော်တွင် မော်ဟန်ကျေးရွာ သင်္ဂဟလူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် မိုးညှင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူနှင့် ဆွေမျိုးတော်သူတစ်ဦးက “ ဒီလထဲမှာလေးနှစ်ပြည့်တဲ့သမီးလေး တစ်ယောက်ကျန်တယ်။ အဖေကော၊ အဖေကော လုပ်နေတော့ ကျန်ရစ်တဲ့ မိသားစုတွေက ရူးမတတ်ပါပဲ” ဟု ပြောကြားသည်။

သေဆုံးခဲ့သည့် ယာဉ်မောင်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဦးဘသောင်းကို နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက မိုးညှင်းမြို့တွင် သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

Most Read

Most Recent