မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်မဟုတ်ကြောင်းသိရ

မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်မဟုတ်ကြောင်းသိရ
မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်ကို ဖူးတွေ့ရစဉ်
မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်ကို ဖူးတွေ့ရစဉ်
Published 16 November 2021
ဘိုဘိုမြင့်

နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်အထိ  ကျင်းပပြုလုပ်လေ့ရှိသည့် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင်လည်း ကျင်းပပြုလုပ်သွားမည်မဟုတ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

“နှစ်တိုင်း ကျိုက်သလ္လံစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်မတိုင်ခင်မှာ ပဋ္ဌာန်းတရားပွဲပြုလုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာလည်း စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲ တော်ကို မကျင်းပဖြစ်သလို မသိုးသင်္ကန်းရက်ပွဲကိုလည်း ကျင်းပြုလုပ်တော့မှာ မဟုတ်ပါဘူး။ သို့သော်လည်း စေတီတော်မြတ်ကြီးကိုတော့ လက်ရှိပုံမှန်ဖွင့်လှစ်ထားပြီးတော့ ဘုရားဖူးတွေကို ဖူးမြော်ခွင့်ပြုထားမှာ ဖြစ်ပါတယ်” ဟု ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

ထို့ပြင် COVID-19 ကူးစက်ကပ်ရောဂါလည်း ရှိသေးသည့်အပြင် ညမထွက်ရအမိန့်လည်း ရှိနေသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်သွားမည်မဟုတ်ကြောင်း ဦးမြင့်ဦးက ပြောကြားသည်။

ယခင်နှစ်ကလည်း COVID-19 ကူးစက်ကပ်ရောဂါ အခြေအနေကြောင့် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း ကျိုက်သလ္လံစေတီတော်မြတ်ကြီ၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

အလားတူ နှစ်စဉ်ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့်အတူ ကျင်းပြုလုပ်လေ့ရှိသည့် မော်လမြိုင်မြို့ မရမ်းကုန်ရပ်ကွက်ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်း ကျင်းပပြုလုပ်သွားမည်မဟုတ်ကြောင်း ဆံတော်ရှင်ကျိုက်သုတ်စေတီဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။

သို့သော်လည်း နှစ်စဉ်တန်ဆောင်မုန်း လပြည့်နေ့နံနက်တိုင်း မော်လမြိုင်မြို့ ကမ်းနားလမ်းတစ်လျှောက် ကျင်းပပြုလုပ်လေ့ရှိသည့် ဆွမ်းအိုးမျှောပွဲများ ပြုလုပ်ရန် ပြင်ဆင်မှုများရှိနေကြောင်း သိရသည်။ တန်ဆောင်မုန်းလပြည့် တန်ဆောင်တိုင်ပွဲတော်၌ မော်လမြိုင်မြို့တွင် အစဉ်လာမပျက် ဆီမီးပူးဇော်ခြင်း၊ သံလွင်မြစ်ကမ်းနားလမ်းတစ်လျှောက် ရှင်ဥပဂုတ္တမထေရ်ကျောင်းဆောင်ရှိရာ ရပ်ကွက်တို့တွင် ဆွမ်းအိုးမျှောခြင်း၊ သံလွင်မြစ်တွင်းဆွမ်းအိုးမျှောခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်မတိုင်မီကာလ တန်ဆောင်တိုင် ဆွမ်းအိုးမျှောပွဲသည် မော်လမြိုင်ဒေသ၏ ထူးခြားသောဓလေ့အဖြစ် လူသိများပြီး ကမ်းနားလမ်းတစ်လျှောက် လပြည့်နံနက်တွင် လူပင်လယ်ကြီးသဖွယ် သွားလာကြကာ စတုဒိသာများ စားသောက်ခြင်း၊ အဖိတ်နေ့ညတွင် ကျိုက်သုတ်၊ ကျိုက်သလ္လန်ဘုရားတို့တွင် မသိုးသင်္ကန်းရက်ဆက်ကပ်ခြင်း၊ ဇာတ်ပွဲများဖြင့် စည်ကားလေ့ရှိပြီး အဝေးရောက် မော်လမြိုင်သားများ သတိရစေခြင်း၊ ရပ်ကွက်အိမ်တိုင်း အကျွေးမွေးဖြင့် ဧည့်ခံခြင်း၊ နာဂဝီသ တောင်ပေါ်တန်းတစ်လျှောက် စတုဒိသာများ အပြိုင်ကျွေးမွေးခြင်းရှိခဲ့သော်လည်း ယခုအခါညပိုင်းကန့်သတ်မှုကြောင့် မသိုးသင်္ကန်းရက်မှုကိုရပ်နားပြီးစတုဒိသာကိုမူ တတ်နိုင်သည့်အလှူရှင်တချို့သာ ကျွေးမွေးနိုင်ကြကြောင်း သိရသည်။

Most Read

Most Recent