ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်
Published 16 November 2021

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင်  ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၁၈ ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းလွန်-တမီးလ်နာဒူး မြောက်ပိုင်းကမ်းခြေ) သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့်ရှိနိုင်ကြောင်း သိရသည်။

ဆက်လက်၍ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေခြင်းကြောင့် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းအထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီး၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ချင်းပြည်နယ်တွင် နေရာကွက်၍ မိုးကြီးကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် သုံးဒီဂရီစင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ်အထိနှင့် ချင်းပြည်နယ်တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် ခြောက်ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။

အလားတူ ထူးခြားသည့် ညအပူချိန်များမှာ တွန်းဇံမြို့တွင် ၁၁ ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့နှင့် ပြင်ဦးလွင်မြို့တွင် ၁၂ ဒီဂရီစင်တီဂရိတ်စီဖြစ်ကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ တီးတိန်မြို့တွင် ၃ ဒသမ ၉၈ လက်မ၊ ကော့သောင်းမြို့တွင် ၂ ဒသမ ၅၆ လက်မ၊ ကိုကိုးကျွန်းမြို့တွင် ၁ ဒသမ ၉၇ လက်မ၊ တောင်ငူ (လေကြောင်းမိုးလေဝသ) တွင် ၁ ဒသမ ၄၂ လက်မနှင့် မော်လိုက်မြို့တွင် ၁ ဒသမ ၃၄ လက်မဖြစ်ကြောင်း သိရသည်။

လာမည့်နှစ်ရက်အတွင်း မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

နေပြည်တော်အနီးတစ်ဝိုက်၊ ရန်ကုန်မြို့အနီးတစ်ဝိုက်နှင့် မန္တလေးမြို့အနီးတစ်ဝိုက်အတွက် နိုဝင်ဘာ ၁၇ ရက်နံနက်ပိုင်းအထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်သည်။

Most Read

Most Recent