စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပေါ်ရှိ ဥရုကြိုးတံတားကို အဆင့်မြှင့်တင်မှု စတင်ဆောင်ရွက်နေသဖြင့် တံတားအသုံးပြုမှု ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၄ ရက်မှစတင်၍ ယာယီပိတ်ထားခြင်းဖြစ်ပြီး ဆိုင်ကယ်နှင့် လူများကို ဖြတ်သန်းသွားလာခွင့်ပြုထားသည်ဟုသိရပြီး ကားများမှာမူ ကူးတို့ဖြင့် ဖြတ်ကူးရကြောင်း သိရသည်။
ဥရုမြစ်အား ဖြတ်ကူးတည်ဆောက်ထားသော ဥရုကြိုးတံတားကို ကျပ်သန်း ၅၀၀၀ ကျော်အကုန်ကျခံ၍ အဆင့်မြှင့်တင်ခြင်း ပြုလုပ်မည်ဖြစ်ပြီး သံကူကွန်ကရစ်ကြမ်းခင်းအစားထိုးပြီး တံတားအဆင့်မြှင့် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှစတင်ခဲ့ကာ လုပ်ငန်းပြီးဆုံးရန် အချိန်တစ်နှစ်ကျော် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ယခင်ဥရုကြိုးတံတားသည် သက်တမ်း ၁၀ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး တံတားသည် အထက်ချင်းတွင်းဒေသ၏ အဓိကကားလမ်းဖြစ်သော သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီး ကားလမ်းပေါ်တွင် တည်ရှိသော်လည်း ကုန်ကားများ ဖြတ်သန်းသွားလာ၍ မရသဖြင့် ကုန်စည်စီးဆင်းမှု အဆင်ပြေလွယ်ကူစေရန် ရည်ရွယ်ချက်ဖြင့် အဆင့်မြှင့်တင်ရခြင်းဖြစ်ကြောင်း သိရသည်။
ဥရုကြိုးတံတားကို အဆင့်မြှင့်တင်ရာ၌ အပေါ်ထည်တွင် ပင်မကြိုးတံတားရှိ မူလကြိုးတံတားဟောင်းအား ဖြုတ်သိမ်း၍ Plate Girder တပ်ဆင်ခြင်း၊ သံကူကွန်ကရစ်ကြမ်းခင်းအဖြစ် အစားထိုးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း၊ ချဉ်းကပ်တံတားမှာ သံကူကွန်ကရစ်တံတား၊ အောက်ထည်မှာ သံကူကွန်ကရစ်နှင့် တံတားအရှည်မှာ ၁၀၉၀ ပေနှင့် အကျယ်မှာ ၂၆ ပေဖြစ်ကြောင်း သိရသည်။















