သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်မှ သက်သေအဖြစ်ထွက်ဆိုရန် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို တင်သွင်းမှု တရားရုံးလက်ခံ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်မှ သက်သေအဖြစ်ထွက်ဆိုရန် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို တင်သွင်းမှု တရားရုံးလက်ခံ
Published 9 November 2021
အောင်မင်းသိန်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကို ခံပြသက်သေအဖြစ် တင်ပြထားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နိုဝင်ဘာ ၉ ရက်က နေပြည်တော် ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဦးညီညီ(ခ)ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ အတိုင်ပင်ခံပုဂ္ဂိုလ်အား  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး ပြုလုပ်ခြင်းနှင့် ခံပြသက်သေစာရင်းတင်ခြင်းများကို နိုဝင်ဘာ ၉ ရက် ရုံးချိန်းတွင် ဆောင်ရွက်ခဲ့ပြီး စွပ်စွဲခံရသူ၏ရှေ့နေမှ ခံပြသက်သေအဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား တင်ပြခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

စွပ်စွဲခံရသူ၏ ရှေ့နေမှ ခံပြသက်သေအဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား တင်ပြခြင်းနှင့်ပတ်သက်၍ ခေါ်ယူရန် ခက်ခဲမည်ဟု တရားသူကြီးက မှတ်ချက်ပြုသော်လည်း လက်ခံထားကြောင်းနှင့် မှုခင်းစီမံခန့်ခွဲမှု (CMP) အစည်းအဝေးအရ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက် ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သက်သေအဖြစ် စစ်ဆေးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် ရုံးချိန်းတွင် ခံပြသက်သေ ဒေါက်တာဇော်မြင့်မောင်အား စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးရန်နှင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ရန်အတွက် မှုခင်းစီမံခန့်ခွဲမှု (CMP) အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ထို့ပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၆ ရက်တွင် ချိန်းဆိုထားသည့် ရုံးချိန်း၌ အပြီးသတ်လျှောက်လဲချက် ကြားနာရန် ချိန်းဆိုထားပြီး နိုဝင်ဘာလကုန်တွင် အပြီးအသတ်အမိန့်ချမှတ်မည် ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

Most Read

Most Recent