သူတော်ကောင်းတရား ခုနစ်ပါး

သူတော်ကောင်းတရား ခုနစ်ပါး
Published 26 October 2021

လူတိုင်းလူတိုင်း သူတော်ကောင်း ဖြစ်လိုကြသည်သာ ဖြစ်၏။ အနည်းဆုံး သူတော်ကောင်းဟု အထင်ခံလိုသူချည်းပင် ဖြစ်၏။ ၎င်းအပြင် သူတော်ကောင်းများနှင့်သာ ပေါင်းသင်းဆက်ဆံလိုကြသည်လည်း ဖြစ်၏။ ဗုဒ္ဓမြတ်စွာဘုရားသည် သူတော်ကောင်းဖြစ်ရန် အချက်ခုနစ်ချက် (တစ်နည်းအားဖြင့် သူတော်ကောင်းတရား ခုနစ်ပါး) ကို ဟောကြားတော်မူခဲ့သည်။ ယင်းသူတော်ကောင်းတရား ခုနစ်ပါးမှာ (၁) ယုံကြည်ခြင်း- သဒ္ဓါ၊ (၂) ကိုယ်နှုတ်စောင့်စည်းခြင်း- သီလ၊ (၃) မကောင်းမှု ဒုစရိုက်ပြုမှုကို ရှက်ခြင်း- ဟိရီ၊ (၄) မကောင်းမှု ဒုစရိုက်ပြုမှုကို ကြောက်ခြင်း- သြတ္တပ္ပ၊ (၅) အကြားအမြင်ရှိခြင်း- သုတ၊ (၆) စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း- စာဂနှင့် (၇) ဟုတ်မှန်စွာသိခြင်း- ပညာတို့ ဖြစ်ကြသည်။

ယုံကြည်ခြင်းဟူသည် ဘုရား၊ တရား၊ သံဃာကို ယုံကြည်ခြင်း၊ ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်းတို့ဖြစ်သည်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်မှသာ အမှန်တရားကို ခွဲခြားသိမြင်နိုင်မည်။ ဘဝခရီးကို လျှောက်လှမ်းရာ၌ ဆူးငြောင့်ခလုတ် ကန်သင်းတို့ကို ရှောင်ရှားနိုင်မည်။ လိုရာခရီးပန်းတိုင်ကို ကောင်းစွာရောက်ရှိနိုင်မည် ဖြစ်သည်။ ထို့ပြင် ကံ- ကံ၏အကျိုးကို ယုံကြည်မှသာလျှင် မကောင်းမှုကိုရှောင်၍ ကောင်းမှုကို ဆောင်နိုင်မည် ဖြစ်သည်။ မျက်မှောက်ဘဝတွင် ကောင်းကျိုးချမ်းသာကိုရရှိ၍ တမလွန်ဘဝတွင် ကောင်းမြတ်သော သုဂတိဘုံဘဝများသို့ ရောက်နိုင်ပေသည်။ ဗုဒ္ဓမြတ်စွာဘုရားက သဒ္ဓါတရားသည် အထောက်အကူကောင်းရစေသော အဖော်ကောင်းနှင့်တူသည်။ ကုသိုလ်အမျိုးမျိုးကို ရယူနိုင်သောလက်နှင့် တူသည်။ လိုရာသုံးစွဲနိုင်သော ပစ္စည်းဥစ္စာရတနာများနှင့် တူသည်။ အသီးအနှံကောင်းများကို ဖြစ်ထွန်းစေသော မျိုးစေ့ကောင်းများနှင့် တူသည်ဟု ဟောကြားတော်မူခဲ့သည်။

ကိုယ်နှုတ်စောင့်စည်းခြင်းဟူသော သီလတရား၌ အခြေခံဖြစ်သည့်  “သူ့အသက်ကို မသတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူမှုမပြုခြင်း၊ သူတစ်ပါး သားမယား သားသမီးများကို မဖျက်ဆီးခြင်း၊ လိမ်လည်ပြောဆိုမှုမပြုခြင်းနှင့် အရက်သေစာမသောက်စားခြင်း” တည်းဟူသော ငါးပါးသီလအပြင် ရှစ်ပါးသီလ၊ ကိုးပါးသီလနှင့် ဆယ်ပါးသီလ စသည်တို့လည်း ရှိသေးသည်။ သီလရှိမှ သီလစင်ကြယ်မှသာ ကောင်းကျိုးချမ်းသာကို ရရှိနိုင်ပေမည်။ သီလသည် နိဗ္ဗာန်ရောက်ကြောင်း အခြေခံကောင်းတစ်ရပ်ဖြစ်၍ သူတော်ကောင်းတရား၌ တစ်ပါးအဖြစ် ပါဝင်ခြင်းဖြစ်သည်။

မကောင်းမှုဒုစရိုက်ပြုမှုကို ရှက်ခြင်းဟူသည် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူတစ်ပါး သားမယား သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း အစရှိသော မကောင်းမှုဒုစရိုက်တို့ကိုပြုရန် ရှက်ခြင်းပင်ဖြစ်သည်။

မကောင်းမှုဒုစရိုက်ပြုမှုကို ကြောက်ခြင်းဟူသည် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ သူတစ်ပါး သားမယား သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်းစသော မကောင်းမှုဒုစရိုက် ၁၀ ပါးတို့ကို ပြုရန် ကြောက်ခြင်းပင် ဖြစ်သည်။

အကြားအမြင်ရှိခြင်းဟူသည် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပိဋကတ်တော်တို့ကို သင်ကြားတတ်မြောက်မှု၊ သိရှိနားလည်မှုများပင် ဖြစ်သည်။ ယင်းတို့ကို သိရှိနားလည်မှသာ နည်းလမ်းမှန်ကန်စွာ ကျင့်ကြံအားထုတ်နိုင်ကြမည် ဖြစ်သည်။ တရားနာခြင်း၊ ဗုဒ္ဓစာပေများ ဖတ်ရှုလေ့လာခြင်း စသည်တို့သည် အကြားအမြင်ရရာရကြောင်းတွင် ပါဝင်သည်။

စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းဟူသည် ရဟန်းသံဃာတော်များနှင့် သီလရှင်စသော သူတော်စင်တို့ကိုလည်းကောင်း၊ ဆွေမျိုးမိဘစသည်တို့ကိုလည်းကောင်း၊ ပစ္စည်းဥစ္စာ နွမ်းပါးသူတို့ကိုလည်းကောင်း စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းပင် ဖြစ်သည်။

ဟုတ်မှန်စွာသိခြင်းဟူသည် ဆင်းရဲကြောင်း ဟုတ်မဟုတ်၊ ချမ်းသာကြောင်း ဟုတ် မဟုတ်ကို သိသော ဉာဏ်ပညာနှင့် ဤဘဝအတွက် အကျိုးရှိမရှိ၊ နောင်ဘဝများအတွက် အကျိုးရှိမရှိ စသည်တို့ကို သိတတ်သော ဉာဏ်ပညာပင် ဖြစ်သည်။

ထို့ကြောင့် ဤသူတော်ကောင်းတရား ခုနစ်ပါးကို လိုက်နာကျင့်ကြံပွားများအား ထုတ်ခြင်းဖြင့် သူတော်ကောင်းဘဝကို တက်လှမ်းနိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက ဆန္ဒပြုအပ်ပါသည်။

အောက်တိုဘာ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent