အိမ်ခြံမြေကဏ္ဍကြောင့် ယခုနှစ်တတိယသုံးလပတ်တွင် တရုတ်စီးပွားရေး တိုးတက်မှု ထပ်မံနှေးကွေး

အိမ်ခြံမြေကဏ္ဍကြောင့် ယခုနှစ်တတိယသုံးလပတ်တွင် တရုတ်စီးပွားရေး တိုးတက်မှု ထပ်မံနှေးကွေး
အောက်တိုဘာ ၄ ရက်က ပေကျင်းမြို့တော်အပြင်ဘက် တုံကျိုးမြို့ရှိ ဆောက်လက်စ စီးပွားရေးဆိုင်ရာရုံးအဆောက်အဦးများ၏ ဝင်ပေါက်ကို တွေ့ရစဉ်
အောက်တိုဘာ ၄ ရက်က ပေကျင်းမြို့တော်အပြင်ဘက် တုံကျိုးမြို့ရှိ ဆောက်လက်စ စီးပွားရေးဆိုင်ရာရုံးအဆောက်အဦးများ၏ ဝင်ပေါက်ကို တွေ့ရစဉ်
Published 18 October 2021
Ref: AFP

အိမ်ခြံမြေကဏ္ဍကို အရေးယူမှုများ ပြုလုပ်ခြင်း၊ စွမ်းအင်အကျပ်အတည်းစတင် ဖြစ်ပေါ်ရန်နီးကပ်လာခြင်းတို့ကြောင့် တတိယသုံးလပတ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ထပ်မံနှေးကွေးသွားမည်ဟု မျှော်လင့်ကြောင်း အောက်တိုဘာ ၁၈ ရက်တွင် အစိုးရအချက်အလက်များ၌ ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်ပ်စ်ကပ်ရောဂါမှ လျင်လျင်မြန်မြန် ထူထူထောင်ထောင် ဖြစ်လာခဲ့ပြီးနောက် နှစ်အလိုက်ဂျီဒီပီတိုးတက်မှု ၄.၉ ရာခိုင်နှုန်းရှိခြင်းနှင့်အတူ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံတွင် စီးပွားရေးနာလန်ထူမှုသည် နှေးကွေးနေသည်ဟု မတည်ငြိမ်သော၊ ညီမျှမှုမရှိသော တိုးတက်မှုကို ကိုးကား၍တရုတ်အမျိုးသား စာရင်းအင်းဌာနက ထုတ်ပြန်ခဲ့သည်။

ဂျီဒီပီကိန်းဂဏန်းသည် AFP သတင်းဌာနက စစ်တမ်းလုပ်ခဲ့သော လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည့် ငါးရာခိုင်နှုန်းကို ပြည့်မီခြင်းမရှိခဲ့ပေ။

ထို့အပြင် ဧပြီ-ဇွန် စွမ်းဆောင်ရည်ထက် သုံးရာခိုင်နှုန်းသိသိသာ လျော့နည်းနေခဲ့သည်။

လတ်တလော နိုင်ငံတကာပတ်ဝန်းကျင် မရေရာမှုများသည် တိုးလာနေပြီး ပြည်တွင်းစီးပွားရေး နာလန်ထူမှုသည် တည်ငြိမ်မရှိ၊ ညီမျှမှုမရှိဟု အမျိုးသားစာရင်းအင်းဌာန ပြောရေးဆိုခွင့်ရှိသူ ဖုလင်ဟူးကဆိုသည်။

စီးပွားရေးသည် လွန်ခဲ့သော သုံးလပတ်ကာလထက် ၀.၂ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ရာ ယင်းသည် ၂၀၂၀ ပထမသုံးလပတ်တွင် ဖြစ်ပေါ်ခဲ့သည့် သမိုင်းဝင်စီးပွားရေး ကျဆင်းမှုနောက်ပိုင်း အားအနည်းဆုံးဖြစ်သည်။

“အိမ်ခြံမြေကဏ္ဍမှာ တိုးတက်မှုနှေးသွားတာဟာ စီးပွားရေးတိုးတက်မှုကို ဆွဲချသွားတာဖြစ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်းကြီး Evergrande မကြာခင်က ဒုက္ခရောက်သွားခဲ့တာကလည်း စီးပွားရေးတိုးတက်မှု ကျဆင်းတာကို အားဖြည့်ပေးနေပါတယ်” ဟု အောက်စဖို့ဒ်စီးပွားရေးကုမ္ပဏီ၏ အာရှစီးပွားရေးဆိုင်ရာ ယူကေအကြီးအကဲလူးဝစ်ကုစ်က ပြောကြားခဲ့သည်။

ကြွေးမြီအမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ တင်နေသော အိမ်ခြံမြေလုပ်ငန်းကြီး China Evergrande အခက်အခဲများ ကြုံတွေ့ရခြင်းသည် အလားအလာရှိသော ဝယ်လက်များအကြားတွင် သဘောထားအမြင်များကို ထိခိုက်စေခဲ့သည်။

ငွေထုတ်ချေးပေးသည့် စည်းကမ်းများကို တင်းကျပ်လိုက်ခြင်းဖြင့် အိမ်ခြံမြေကဏ္ဍကို အစိုးရက စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများ လုပ်ဆောင်လိုက်ခြင်းသည် စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားကို ကြီးကြီးမားမား ထိုးနှက်လိုက်ခြင်းဖြစ်သည်။

ယင်းသို့အိမ်ခြံကဏ္ဍကို အရေးယူခြင်းကြောင့် ဆောက်လုပ်ရေး အပါအဝင် တခြားသော စက်မှုလုပ်ငန်းများအပေါ် သွယ်ဝိုက်သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

Evergrande အိမ်ခြံမြေလုပ်ငန်း၏ အခြေအနေက စီးပွားရေးအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်သွားမည်ကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်တကြီး စောင့်ကြည့်လျှက်ရှိသည်။

ဘဏ္ဍာရေးကဏ္ဍတွင် ဖြစ်ပေါ်သော အခက်အခဲမှန်သမျှသည် ထိန်းချုပ်၍ရသည်ဟု သီတင်းပတ်ကုန်တွင် တရုတ်ပြည်သူ့ဗဟိုဘဏ်က အားပေးစကားပြောကြားခဲ့ပြီး အာဏာပိုင်များသည် လုပ်ငန်းတချို့တွင် စီမံခန့်ခွဲမှုလွဲမှားမှုနှင့် အန္တရာယ်ဖြစ်လောက်သောနှုန်းဖြင့် လုပ်ငန်းတိုးချဲ့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ကြွေးဆပ်ရန်ပျက်ကွက်မှုကဲ့သို့သော ပြဿနာများကို စောင့်ကြည့်နေသည်ဟု ယင်းဘဏ်၏အုပ်ချုပ်ရေးမှူး ယိဂန်က ပြောကြားခဲ့သည်။                              

Most Read

Most Recent