နိုင်ငံခြားရေးမူဝါဒ

နိုင်ငံခြားရေးမူဝါဒ
Published 16 October 2021

နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာတွင် အမျိုးမျိုးသော ရွေးချယ်မှုများ ရှိသည်။ ထိရောက်သည့် နိုင်ငံခြားရေးမူဝါဒ ချမှတ်ရန် ရှေ့ပြေးအကြောင်းခြင်းရာတစ်ရပ်သည် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အမြင်တစ်ရပ် သို့မဟုတ် ကမ္ဘာ့မျက်နှာစာ၌ မိမိနိုင်ငံအနေဖြင့် ထူထောင်လိုသော အခြေခံအမြင်တစ်ရပ် ရှိထားရန်မှာ လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ နိုင်ငံခြားရေးမူဝါဒ ချမှတ်သည့်အမြင်၌ စဉ်းစားရန် အချက်နှစ်ချက်မှာ နိုင်ငံတကာ၌ မိမိတို့နိုင်ငံ၏ စံတန်ဖိုးများကို မြှင့်တင်ရေးအား အဓိကထားမည်လား သို့မဟုတ် မိမိတို့၏ နိုင်ငံတော်အကျိုးစီးပွားအား စောင့်ရှောက်ကာကွယ်ရေးကို အဓိကထားမည်လားဟူ၍ ဖြစ်သည်။

အမှန်တကယ်၌ နိုင်ငံခြားရေးမူဝါဒဟု ဆိုလိုက်လျှင်ပင် နိုင်ငံတော်အကျိုးစီးပွားကို  ကာကွယ်စောင့်ရှောက်ရေးအတွက် အထောက်အကူပြုစေရန် ချမှတ်ရေးဆွဲထားရေးသည် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပြီးသား ဖြစ်သည်။ အချို့က နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားနောက်သို့ လိုက်ခြင်းသည် နိုင်ငံခြားရေး မူဝါဒပင်ဖြစ်သည်ဟု ဆိုကြသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံအသီးသီးတို့သည် အမျိုးမျိုးကွဲပြားခြားနားသော နိုင်ငံတော်အကျိုးစီးပွားများကို မျှော်မှန်းနိုင်ကြသည်။ ထို့ကြောင့် နိုင်ငံခြားရေးမူဝါဒများ၌ အဓိကထားမှုများ ကွဲပြားခြားနားနေခြင်းဖြစ်သည်။ နိုင်ငံခြားရေး မူဝါဒများသည် နိုင်ငံ၏အကျိုးစီးပွား သို့မဟုတ် နိုင်ငံတော်က ရှေးရှုသည့် ကိစ္စရပ်များကို ထင်ဟပ်ပြနေသည်ဟုပင် ဆိုကြသည်။ ယုတ္တိဗေဒအရဆိုလျှင် နိုင်ငံခြားရေး မူဝါဒမှတစ်ဆင့် နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းသည် ပြည်တွင်းအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

တူညီချက်များစွာရှိသည့် အနီးကပ်မဟာမိတ် အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော ကနေဒါနှင့် အမေရိကန် ပြည်ထောင်စုတို့၏ နိုင်ငံတော်အကျိုးစီးပွားများကို နှိုင်းယှဉ်ကြည့်လျှင် မည်သည့်နိုင်ငံတော်အကျိုးစီးပွားများ ကွာခြားသနည်းဟူသည့် အတိုင်းအတာကို မြင်နိုင်မည်ဖြစ်သည်။ ကနေဒါနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် စီးပွားရေးကြီးထွားမှု၊ လူမှုရေး တရားမျှတမှု၊ လူနေမှုအဆင့်အတန်း၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အပြင် နိုင်ငံတော်တစ်ခို သဟဇာတဖြစ်ရေးတို့အပေါ် အဓိကထားပြီး ပထမဆုံး ဖော်ပြသည့်သုံးခုမှာ အရေးကြီးဆုံး ဖြစ်သည်။

ကနေဒါ၏ တောင်ဘက်အိမ်နီးချင်းဖြစ်သည့် အမေရိကန်ပြည်ထောင်စုသည် နိုင်ငံခြားရေးမူဝါဒကို အလွှာသုံးလွှာ၌ ထူထောင်ထားသည်။ အမြင့်ဆုံးအလွှာဟု သတ်မှတ်သော အရေးကြီးဆုံး အကျိုးစီးပွားတွင်  အမေရိကန်ပိုင်နက် ရုပ်ပိုင်းဆိုင်ရာအရ လုံခြုံ ရေး၊ အမေရိကန်နိုင်ငံသားများ ဘေးကင်းလုံခြုံရေး၊ အမေရိကန်လူ့အဖွဲ့အစည်း စီးပွားရေး ဖူလုံရေး၊ ချည့်နဲ့သွားစေနိုင်သည့် တိုက်ခိုက်မှုများမှနေ၍ အရေးကြီးသော အခြေခံအဆောက်အအုံများကို ကာကွယ်ရေးတို့ ပါဝင်သည်။ ယင်းအရေးကြီးဆုံး အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက်ဆိုလျှင် တစ်ဖက်သတ် ပြတ်သားစွာ စစ်တပ်ကို အသုံးပြုနိုင်သည်။

ဒုတိယအလွှာတွင် နိုင်ငံတော်ရှင်သန်ရေးကို မထိခိုက်သော်လည်း နိုင်ငံတော်ဖူလုံရေးအပေါ် သက်ရောက်နိုင်သည့် အကျိုးစီးပွားများ ပါဝင်သည်။ (ဥပမာအားဖြင့် ကမ္ဘာ့ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မဟာမိတ်များကို ဝတ္တရားအတိုင်း ကာကွယ်ပေးခြင်း) ။ နောက်ဆုံးအလွှာတွင် နိုင်ငံတော်၏ ဘေးဒုက္ခများကို တုံ့ပြန်မှုများနှင့် အခြားနိုင်ငံများအကြား လူ့အခွင့်အရေးကို မြှင့်တင်ပေးခြင်းတို့အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အခြားအကျိုးစီးပွားများ ဖြစ်ကြသည်။  ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်သည် နိုင်ငံတော်လုံခြုံရေးအကျိုးစီးပွားကို အထူးအမြင့်ဆုံးအဖြစ်  သတ်မှတ်ခဲ့သည်။ အမေရိကန်အစိုးရအတွက် (၁) ပြည်ပမှ အကြမ်းဖက်မှုများကို တိုက်ခိုက်ရန်နှင့် (၂) နောက်ထပ် အကြမ်းဖက်တိုက်ခိုက်ခံရမှုများမှနေ၍ ပြည်တွင်းကို ကာကွယ်ရန်တို့ထက် ပို၍အရေးကြီးသောအရာ မရှိတော့ပေ။

ကနေဒါနှင့် အမေရိကန်တို့က ဖော်ပြခဲ့သည့် နိုင်ငံတော်အကျိုးစီးပွားများအကြား နှိုင်းယှဉ်ချက်သည် သိသာထင်ရှားသော ဥပမာဖြစ်သည်။ အမေရိကန်က ဖော်ပြသည့် နိုင်ငံတော်အကျိုးစီးပွားသည် ကနေဒါထက် ပို၍တုံ့ပြန်မှု သဘောဆောင်ပြီး လေသံအရ ပို၍ ဆန့်ကျင်ဘက်သဘောဆောင်သည်ဟု ဆိုနိုင်သည်။ ကနေဒါသည် ဖြစ်လာမှ တုံ့ပြန်ခြင်းထက် ဖြစ်အောင် အခြေအနေကို ဖန်တီးယူထားသည့် သဘောဆောင်ပြီး အားပေးမြှင့်တင်ရေးသဘောလည်း ပို၍ဆန်သည်။ ကနေဒါ၏ ပြည်တွင်းယဉ်ကျေးမှု အခြင်းအရာများ၊ နိုင်ငံတော်အကျိုးစီးပွား၏ မျက်နှာစာခြောက်ရပ်အနက် သုံးရပ်တို့သည် လူသားတို့ ပိုမိုကောင်းမွန်လာရေးအတွက် လူမှုရေးတရားမျှတမှု၊ ဘဝနေထိုင်မှု အရည်အသွေးနှင့် နိုင်ငံတော်တစ်ခို သဟဇာတဖြစ်ရေးတို့အပေါ် အဓိကထားသည်။ ကနေဒါနှင့်မတူဘဲ အမေရိကန်သည် လူသားချင်း စာနာထောက်ထားမှုနှင့် အခြားအကျိုးစီးပွားများကို နိုင်ငံတော်လုံခြုံရေးအကျိုးစီးပွားအောက်သို့ ပို့ထားသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံခြားရေးမူဝါဒများ သတ်မှတ်ရာတွင် ပြတ်သားစွာ ချမှတ်ပြီးသားဖြစ်သည့် နိုင်ငံတော်၏ အကျိုးစီးပွားများအပေါ်တွင်သာ အဓိကထားရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent