လွန်ခဲ့သောနှစ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားသည့်အခါ လူ့အဖွဲ့အစည်းကို လော့ဒေါင်းချရန် ဗြိတိန်အစိုးရ၏နှောင့်နှေး ကြန့်ကြာမှုများသည် နိုင်ငံသမိုင်းတွင် အရေးအကြီးဆုံး ပြည်သူ့ကျန်းမာရေး ပျက်ကွက်မှုတစ်ခုဖြစ်သည်ဟု အောက်တိုဘာ ၁၂ ရက်တွင် ပါလီမန်အစီရင်ခံစာကဆိုသည်။
မကျေနပ်မှုကို ဖော်ပြထားသော အစီရင်ခံစာတွင် အစိုးရ၏ကပ်ရောဂါစီမံချက်မှာ တုပ်ကွေးရောဂါပုံစံကို အလေးပေးလွန်းခဲ့ပြီး ယခင်က ကပ်ရောဂါများဖြစ်သော ဆားစ်၊ မားစ်နှင့် အီဘိုလာတို့မှ သင်ခန်းစာများကိုရယူရန် ပျက်ကွက်ကြောင်း ပါတီအသီသီးမှ ဗြိတိန်လွှတ်တော်အမတ်များ ပါဝင်သောအုပ်စုက တွေ့ရှိခဲ့သည်။
လပေါင်းများစွာ ကြားနာမှုများပြုလုပ်ခဲ့ပြီးနောက် ပါလီမန်ဆိုင်ရာစောင့်ကြည့်ရေး ကော်မတီနှစ်ခုက ထုတ်ပြန်ခဲ့သော အစီရင်ခံစာသည် ရှေ့နှစ်တွင် စတင်ရန်ရှိနေသော အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကိုင်တွယ်ပုံကို သီးခြားလွတ်လပ်သောပြည်သူ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်မပြုလုပ်မီ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်၏ မတ်လမှ စတင်ကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြင့် လူ ၁၃၈,၀၀၀ နီးပါးသေဆုံးခဲ့ခြင်းနှင့်အတူ ကပ်ရောဂါသည် ဗြိတိန်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ရာ ကပ်ရောဂါသည် အခြားသောနိုင်ငံများထက် အဘယ်ကြောင့် ဆိုးရွားခဲ့ရသလဲဆိုသည့် မေးခွန်းများကိုပေါ်ပေါက်စေခဲ့သည်။
အစိုးရသည် ၂၀၂၀ ခုနှစ် အစောပိုင်းတွင် လော့ဒေါင်းချရန် အချိန်စောင့်ဆိုင်းလွန်းခဲ့သည်ဟု ပါလီမန်ကော်မတီနှစ်ခုက လွှတ်တော်အမတ်များက ပြောကြားခဲ့ကြသည်။
ထိပ်တန်းအကြံပေးများသည် Social Distancing ၊ သီးခြားခွဲ၍ နေထိုင်ခြင်းနှင့် လော့ဒေါင်းကဲ့သို့သော ကြားဝင်ခြင်းနည်းလမ်းများကို ဖြည်းဖြည်းချင်းတိုးသောနည်းဖြင့် လည်းကောင်း၊ နှစ်ဆတိုးသောနည်းဖြင့်လည်းကောင်း ဆောင်ရွက်ခြင်းဖြင့် တမင်ရည်ရွယ်သောမူဝါဒကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
ထိုနည်းလမ်းသည် မှားယွင်းနေခဲ့ပြီး လူ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည်ဟု အစီရင်ခံစာတွင် လွှတ်တော်အမတ်များက မှတ်ချက်ပေးခဲ့ကြသည်။
“ကပ်ရောဂါဖြစ်ပွားစ ကာလတွေမှာ လော့ဒေါင်း၊ Social Distancing တို့နဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အဲဒီဆုံးဖြတ်ချက်တွေကို ဦးတည်စေခဲ့တဲ့ အကြံပေးချက်တွေဟာ ဗြိတိန်ကြုံတွေ့ခဲ့ရတဲ့ အရေးအကြီးဆုံး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပျက်ကွက်မှုအဖြစ် သတ်မှတ်ပါတယ်” ဟု ၎င်းတို့က ရေးသားခဲ့ကြသည်။
လူ့အဖွဲ့အစည်းအတွင်းတွင် COVID အလားအလားနှင့် ပတ်သက်၍ ကံကိုယုံသော မူဝါဒချဉ်းကပ်မှုရှိခဲ့ကြောင်း၊ ယင်းသည် မအောင်မြင်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း လွှတ်တော်အမတ်များက ရေးသားခဲ့ကြသည်။ကပ်ရောဂါအတွက်အစိုးရအစီအမံသည် နေရာအထားမှားနေခဲ့ပြီး တုပ်ကွေပုံစံကို စေ့စေ့စပ်စပ် မြဲမြဲမြံမြံ အခြေခံထားခဲ့ကာ ဝန်ကြီးများနှင့် အကြံပေးများသည် အုပ်စုဖွဲ့စဉ်းစားခဲ့ကြသည်ဟု ပညာရှင်အချို့ကစွပ်စွဲခဲ့ကြကြောင်း ပါလီမန်အစီရင်ခံစာက ဆိုသည်။ ဗြိတန်အစိုးရသည် သိပ္ပံဆိုင်ရာအကြံပေးချက်များကို အလေးထားခဲ့သည်ဟု ဆိုသည်။














