အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီရှစ်ခု နေပြည်တော်တွင် မနက်ဖြန် တွေ့ဆုံမည်ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ရမရ မသိရသေး

အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီရှစ်ခု နေပြည်တော်တွင် မနက်ဖြန် တွေ့ဆုံမည်ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ရမရ မသိရသေး
Published 11 October 2021
ဇော်မင်းနိုင်

အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီရှစ်ခု နေပြည်တော်တွင် မနက်ဖြန် (အောက်တိုဘာ ၁၂ ရက်) တွေ့ဆုံမည်ဖြစ်ကြောင်း ဖိတ်ကြားခံရသည့် နိုင်ငံရေးပါတီအချို့က ပြောကြားသည်။

အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးတွင် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံရေးပါတီရှစ်ခုမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

“မနက်ဖန် (အောက်တိုဘာ ၁၂ ရက်) နေပြည်တော်က UEC ရုံးမှာတွေ့ဖို့ ဖိတ်ကြားထားတယ်။ အန်ကယ်တို့ဆီက CEC တစ်ဦး တက်ပါမယ်” ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ရမရကိုလည်း မသိရှိရကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။

ဖိတ်ကြားခံရသည့်ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ အပါအဝင် ပါတီရှစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှဥက္ကဌ ဦးသန်းဌေး ကိုယ်တိုင်တက်ရောက်မည်ဖြစ်ကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ပြောကြားသည်။

“ဥက္ကဌကြီး ကိုယ်တိုင်တက်မှာပါ။ ကျိန်းသေပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မည်သည့်အခြေအနေရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက မေးမြန်းရာတွင် ဖုန်းပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထို့ပြင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည့်အခြေအနေအပေါ် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးအား အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်သည့် အာဆီယံအထူးကိုယ်စားလှယ် အီရီဝမ်က ထိန်းသိမ်းခံအရပ်သား အစိုးရခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေးအတွက် မိမိ၏တောင်းဆိုမှုကို တပ်မတော်ဘက်က တိုက်ရိုက်တုံ့ပြန်ခဲ့ခြင်းမရှိဟု ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။

ဧပြီလ၌ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာ့အရေးအာဆီယံ အထူးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များအကြား ရရှိခဲ့သည့် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုသည် သဘောတူထားသည့် အချက်များကို ပြန်ရုပ်သိမ်းသည့်သဘော သက်ရောက်နေသည်ဟု  အာဆီယံအထူးကိုယ်စားလှယ် အီရီဝမ်ယူဆော့ဖ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားထားသည်။

အခြေအနေတိုးတက်မှုမရှိလျှင် မြန်မာ့တပ်မတော်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ရန် ခက်ခဲသွားနိုင်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက အောက်တိုဘာ ၄ ရက်တွင် တွစ်တာမှ ပြောကြားခဲ့သည်။

အာဆီယံအထူးသံတမန် မြန်မာနိုင်ငံသို့ လာရောက်သည့်အချိန်တွင် တွေ့ဆုံခွင့်ရနိုင်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ပေးသွားမည်ဖြစ်ပြီး အမှုရင်ဆိုင်နေရဆဲပုဂ္ဂိုလ်များ၊ အကြမ်းဖက်အဖွဲ့ဖြစ် ကြေညာထားသူများနှင့် တွေ့ဆုံခွင့်ပေးရန် ခဲယဉ်းကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံက တက်ခွင့်မရဟူသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၏ ပြောကြားချက်များသည် ပုဂ္ဂလိကပိုင်းဆိုင်ရာ ပြောကြားချက်များသာဖြစ်ပြီး ယင်းသို့သော ပြောကြားချက်များ၏ အခြေခံအကြောင်းအရင်းသည် မြန်မာနိုင်ငံတွင် အမှုရင်ဆိုင်နေရဆဲလူများနှင့် တွေ့ဆုံခွင့်အတွက်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ သူတို့ယူဆနေတာက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း။ ဒါမှမဟုတ် NUG ထဲမှာရောက်သွားတဲ့ NUG ပေါ့။ သူတို့နဲ့ တွေ့ဆုံတယ်ဆိုရင် ပြေလည်သွားပြီလို့ ထင်တယ်။ သို့သော် မြန်မာနိုင်ငံမှာ သမိုင်းအဆိုပြချက်အတိုင်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ တွေ့ဆုံလို့၊ အဖွဲ့အစည်းတစ်ခုတည်းနဲ့တွေ့ဆုံခဲ့ဖူးလို့ ပြေလည်သွားတဲ့ ပြဿနာဆိုတာ မရှိဘူး” ဟု ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

Most Read

Most Recent