ကျရှုံးမှုနှင့် အောင်မြင်မှု

ကျရှုံးမှုနှင့် အောင်မြင်မှု
Published 8 October 2021

“ကျရှုံးမှုတိုင်းက သင့်ကို အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာကို သင်ကြားပေးလိမ့်မယ်”

ဘရစ်မိုရင်း (၁၉၈၅ ဖွား)

စွန့်ဦးလုပ်ကိုင်သည့် အမေရိကန်နိုင်ငံသူ၊ Brit + CO ကုမ္ပဏီ CEO

ကျရှုံးမှုဟူသည် အမှန်တကယ်၌ အောင်မြင်အောင် ပြုလုပ်ရန် နည်းလမ်းကို ပြသပေးနိုင်သည့် အရေးအကြီးဆုံးအရာတစ်ခုဖြစ်သည်။ သို့သော် လူများစွာတို့က ယင်းကို သိမြင်ခြင်းမရှိကြပေ။ လူတို့သည် ကျရှုံးမည်ကို စိုးရိမ်ကြောက်လန့်ပြီး အရာရာကို လုပ်ကိုင်ရာ၌ ကျရှုံးမှုကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းကြသည်။ သို့သော် ကျရှုံးမှုမှတစ်ဆင့်သာ မှားယွင်းစွာ လုပ်ခဲ့မိသည့်အရာများကို သင်ခန်းစာယူပြီး နောင်တစ်ကြိမ်တွင် ပိုမိုကောင်းမွန်အောင် မည်သို့မည်ပုံလုပ်ရမည်ကို သင်ကြားနိုင်သည်။ အောင်မြင်မှုကို ရှာဖွေရန်နှင့် ပတ်သက်၍ ကျရှုံးမှုက သင်ခန်းစာပေါင်းများစွာကို ပေးနိုင်သည်။ အမှန်တကယ် အရေးကြီးသည့်အရာများကို ရယူလိုပါက ကျရှုံးမှုကို အပြည့်အဝလက်ခံနိုင်ရန် လိုအပ်သည်။

အရေးပါသော တစ်စုံတစ်ရာကို ရယူအောင်မြင်နိုင်ရန်အတွက် ပထမဆုံး သဘောထားစည်းမျဉ်းမှာ ယင်းအရာကိုနှလုံးသား၏ နက်ရှိုင်းသောနေရာမှနေ၍ အမှန်တကယ် လိုလိုလားလားဖြစ်ရန် လိုအပ်သည်။ ယင်းအရာကို ရယူလိုသည့်ဆန္ဒသည် စေ့ဆော်အားကြီးပါက ကြုံတွေ့ရနိုင်သည့် အခက်အခဲ အဟန့်အတားများကို မှုတော့မည် မဟုတ်ပေ။ ယင်းကဲ့သို့မဟုတ်ပါက ကျရှုံးမှုဆီသို့ ဦးတည်သွားနိုင်ခြေ ပို၍များသည်။ အမှန်တကယ်၌ ကျရှုံးမှုက မိမိ၏ ရည်မှန်းချက်ပန်းတိုင်များကို ရယူရန် မိမိ၌ စေ့ဆော်အား နည်းပါးနေသေးကြောင်းကို ပြလေ့ရှိသည်။ ထို့ကြောင့် ရည်မှန်းချက် ပန်းတိုင်တစ်ရပ်ရှိပါက ယင်းကို ရယူရန် နက်ရှိုင်းသည့် စိတ်ဆန္ဒအမှန်တကယ်ရှိပါမှသာ ယင်းကိစ္စနောက်သို့ လိုက်သင့်သည်။

ဒုတိယမြောက် အရေးကြီးသော သင်ခန်းစာတစ်ရပ်မှာ ကျရှုံးမှုက အောင်မြင်ခြင်းနှင့် ပတ်သက်၍ သင်ကြားပေးနိုင်ကြောင်းနှင့် အမှားများပြုလုပ်ခြင်းသည် အောင်မြင်မှုရရှိရန် လုပ်ငန်းစဉ်၏ လိုအပ်သော အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း သိရှိရန်ဖြစ်သည်။ ကြီးမားသော တစ်စုံတစ်ရာကို ရယူအောင်မြင်နိုင်ခဲ့သည့် လူအားလုံးက ၎င်းတို့ရည်ရွယ်ထားခဲ့သည့် အောင်မြင်မှုကို ရယူနိုင်ခြင်းမရှိမီ အမှားများစွာကို ပြုလုပ်ခဲ့မိကြောင်း ဝန်ခံကြသည်။ ယင်းအမှားများသည် အနာဂတ်၌ မပြုလုပ်သင့်သည်များကို ဖယ်ရှားရှောင်ရှားရာ၌ အထောက်အကူပြုသောကြောင့် အောင်မြင်မှုကို ရှာဖွေရန်အတွက် ရှေ့သို့ဆက်လှမ်းသွားနိုင်သည်။ အမှားများသည် ယခုအချိန်မှစ၍ ရှောင်ရှားသင့်သောအရာများကို သင်ကြားပေးသည်။ ယင်းအမှားများကပင်လျှင် တတ်သိနားလည်မှုကို ရရှိလာစေပြီး အသိဉာဏ်ရှိသော လူတစ်ယောက်အဖြစ် ရင့်ကျက်လာစေသည်။

တတိယမြောက် သင်ခန်းစာမှာ ကျရှုံးမှုက အရေးပါသည့် မည်သည့်အရာကိုမျှ လွယ်လွယ်နှင့် ရရှိနိုင်ခြင်း မရှိကြောင်းပြသကာ အောင်မြင်မှုအတွက် ထိုက်တန်သောအရာများအကြောင်း သင်ကြားပေးနိုင်ခြင်း ဖြစ်သည်။ ကြီးမားသော အရာတစ်ခုကို ရယူအောင်မြင်လိုပါက မိမိအနေဖြင့် ချွေးဖြင့်ရင်းကာ ဝီရိယစိုက်ထုတ်ရန် လိုသည်။ မိမိအနေဖြင့် အမှန်တကယ် ဆန္ဒရှိသော အရာအတွက် လက်လျှော့ခြင်းမရှိဘဲ တိုက်ပွဲဝင်ရန် လိုအပ်သည်။ မိမိသွားရာလမ်း၌ အခက်အခဲ အတားအဆီးများ မည်မျှပင် များပြားနေစေကာမူ  မရပ်မနား အားထုတ်မှုပြုလုပ်ရန် လိုအပ်သည်။ ကျရှုံးမှုဟူသည် မိမိ၏ ရည်မှန်းချက်များအတွက် မိမိ၏ကြိုးပမ်းအားထုတ်မှု မလုံလောက်သေးကြောင်း ထင်ထင်ရှားရှားပြသသည့် အချက်ပြမှုတစ်ရပ်ထက် မပိုပေ။ အလိုရှိသည့် အောင်မြင်မှုကိုအရယူရန်အတွက် လှုံ့ဆော်ပေးနိုင်သော မှန်ကန်သည့် စိတ်ထားမျိုး မရမချင်း အောင်မြင်နိုင်ဦးမည် မဟုတ်ပေ။

ထို့ကြောင့် ကျရှုံးမှုတိုင်းအား မိမိကိုအောင်မြင်အောင် သင်ကြားပေးမည့် ဆရာများအဖြစ် လက်ခံကာ မိမိအလိုရှိရာ အောင်မြင်မှုအတွက် မရပ်မနား အားထုတ်ရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent