အာဆီယံ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ခွင့် ရနိုင်မည်မဟုတ်ကြောင်း မြန်မာအာဏာပိုင်များကို မလေးရှား သတိပေး

အာဆီယံ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ခွင့် ရနိုင်မည်မဟုတ်ကြောင်း မြန်မာအာဏာပိုင်များကို မလေးရှား သတိပေး
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်စဉ် (Photo: AFP)
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်စဉ် (Photo: AFP)
Published 5 October 2021
Ref: AFP

မြန်မာနိုင်ငံတွင် နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအထူး ကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်မည်ဆိုပါက ယခုလတွင် ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှ ချန်လှပ်ခံရနိုင်ကြောင်း အောက်တိုဘာ ၄ ရက်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာအာဏာပိုင်များကို သတိပေးခဲ့သည်။

မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းပေးရန်အတွက် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရီဝမ်ယူဆော့ဖ်ကို သြဂုတ်လ၌ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရေးအတွက် တပ်မတော်နှင့် ဆွေးနွေးနေဆဲ ဖြစ်သည်ဟုလည်း ထွက်ပေါ်နေသည်။

အောက်တိုဘာ ၄ ရက်တွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း မြန်မာအာဏာပိုင်များအနေဖြင့် အာဆီယံအထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အပေါ် စိတ်ပျက်မိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

“အခြေအနေ တိုးတက်မှုမရှိဘူးဆိုရင် မြန်မာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အခုလနှောင်းပိုင်းမှာ ပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ခက်ခဲသွားနိုင်တယ်” ဟု ဆိုင်ဖူဒင်ကတွစ်တာမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်ရာတွင် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားတာဝန်ရှိသူများ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် အပြည့်အဝတွေ့ဆုံခွင့်ရနိုင်ရန် ကြိုးပမ်းနေကြောင်း အာဆီယံအထူး ကိုယ်စားလှယ်ယူဆော့ဖ်က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

အီရီဝမ်ယူဆော့ဖ်အား မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ကြိုဆိုခဲ့သော်လည်း အာဆီယံ၏ကိုင်တွယ်ပုံသည် တိုးတက်မှု နှေးကွေးနေသည့်အတွက် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ပိုမိုကျယ်ပြန့်သည့် ပဋိပက္ခကြီးအသွင်နှင့် အရှေ့တောင်အာရှဒေသနှင့် ၎င်းဒေသကိုကျော်လွန်လာမည့် ဘက်ပေါင်းစုံကပ်ဘေးကြီးအသွင်

ရောက်ရှိမလာစေရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာမှ တညီတညွတ်တည်း တားဆီးသွားရန်လည်း ၎င်းကတိုက်တွန်းခဲ့သည်ဟု သိရသည်။

Most Read

Most Recent