နိုင်ငံရေးသမားနှင့် ကိုယ်ကျင့်တရား

နိုင်ငံရေးသမားနှင့် ကိုယ်ကျင့်တရား
Published 5 October 2021

ကိုယ်ကျင့်တရားဗေဒ (Ethics) ဟူသည် ကိုယ်ကျင့်တရားကို လေ့လာခြင်းဖြစ်သည်။ ဒဿနိကဗေဒ ဘာသာခွဲတစ်ခုဖြစ်ပြီး ကိုယ်ကျင့်တရားကို လေ့လာသော ဒဿနိကဗေဒ (Moral Philosophy) ဟု ခေါ်ဆိုနိုင်သည်။ ယင်းတွင် အပြုအမူ/အမူအကျင့်များနှင့် ပတ်သက်သော အမှန်အမှားကိစ္စဆိုင်ရာ သဘောတရားများအား စနစ်တကျပြုခြင်း၊ ကာကွယ်ခြင်းနှင့် အကြံပြုခြင်းတို့ ပါဝင်သည်။

နိုင်ငံရေးဗေဒ (Politics) ဟူသည် အစိုးရအဖွဲ့များအတွင်းရှိ အပြုအမူ/အမူအကျင့်များ အပါအဝင် အစိုးရနှင့်ဆိုင်သော ကိစ္စရပ်များ၊ နိုင်ငံနှင့်ဆိုင်သော ကိစ္စရပ်များနှင့် ပတ်သက်သည့် ၀ိဇ္ဇာ သို့မဟုတ် သိပ္ပံပညာရပ်ဖြစ်သည်။ ယင်းတွင် နိုင်ငံရေးနှင့် ပတ်သက်သော သဘောတရားသီအိုရီများနှင့် ကျင့်ထုံးများအပြင် နိုင်ငံရေးစနစ်များနှင့် နိုင်ငံရေးအမူအကျင့်များကို သုံးသပ်မှုများ ပါဝင်သည်။ ယင်း၌ လုပ်ပိုင်ခွင့် သို့မဟုတ် အာဏာ ပါဝင်ပတ်သက်သည့် လူမှုရေးရာဆက်ဆံရေးများနှင့် မူဝါဒတစ်ရပ်ကို ချမှတ်ရန် သို့မဟုတ် ကျင့်သုံးရန် အသုံးပြုသည့် နည်းဗျူဟာများနှင့် နည်းလမ်းများကို သုံးသပ်မှု ပါဝင်သည်။

နိုင်ငံရေးသမားများ လိုက်နာရမည့် ကိုယ်ကျင့်တရားဆိုင်ရာ အချက်များထဲတွင် (၁) အမှန်ကိုပြောဆိုခြင်း (၂) တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း (၃) နှစ်ဖက်ရန်ပွဲများ၏ အထက်၌ရှိရခြင်း (၄) ပြည်သူ့အသံကို နားထောင်ရခြင်း (၅) လူပုဂ္ဂိုလ်ကို မဟုတ်ဘဲ အဆိုပြုချက်ကိုသာ ဝေဖန်ရခြင်းနှင့် (၆) မိမိ လုပ်ဆောင်မပေးနိုင်သည့် ကတိများကို မပေးရခြင်းတို့ ပါဝင်သည်။

အများပြည်သူနှင့်ဆိုင်သောဌာနများ၌ ကိုယ်ကျင့်တရားဆိုင်ရာ အချက်များကို စီမံကိုင်တွယ်ရာတွင် (၁) ရှင်းလင်းသော ကိုယ်ကျင့်တရားဆိုင်ရာ စံသတ်မှတ်ချက်များ ရှိရခြင်း (၂) ဥပဒေဆိုင်ရာ မူဘောင်များအတိုင်း ကျင့်သုံးရခြင်း (၃) ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်ချက်များရှိရခြင်း (၄) ကိုယ်ကျင့်တရားဆိုင်ရာ စည်းကမ်းများကို တင်းကျပ်စွာ ထားရှိရခြင်း (၅) ဆုံးဖြတ်ချက်ချရာ၌ ပွင့်လင်းမြင်သာမှု ရှိရခြင်း (၆) တစ်ဦးချင်းကဏ္ဍနှင့် အများပြည်သူကဏ္ဍတို့အကြား အပြန်အလှန် သက်ရောက်မှုရှိရခြင်း (၇) ကိုယ်ကျင့်တရားဆိုင်ရာ စည်းကမ်းများကို အားပေးမြှင့်တင်ခြင်းနှင့် (၈) ကိုယ်ကျင့်တရား ချိုးဖောက်မှုများကို ကိုင်တွယ်အရေးယူခြင်းတို့ လိုအပ်သည်။

နိုင်ငံရေးဆိုင်ရာ ကိုယ်ကျင့်တရားသည် လက်ရှိအနေအထားများအရ လိုအပ်ချက်များကို ကိုယ်ကျင့်တရားဆိုင်ရာ လိုအပ်ချက်များနှင့် ထိန်းညှိရသည်။ နိုင်ငံရေး၌ ကျယ်ပြန့်စုံလင်သော ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းအရာများ ပါဝင်နေသည်။ နိုင်ငံရေးသမားများသည် နေ့စဉ်နေ့တိုင်း  ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်းများအတွင်း ရုန်းကန်နေရသည်။ ကိုယ်ကျင့်တရားဆိုင်ရာ အကျပ်အတည်းများကို ကာကွယ်ရန်အတွက် အချို့သော နိုင်ငံရေး လုပ်ဆောင်ချက်များကို စည်းကမ်းများ သတ်မှတ်ကာ ထိန်းညှိထားရသည်။ နိုင်ငံရေးသမားများသည် နိုင်ငံရေးသမားအချင်းချင်းနှင့်သော် လည်းကောင်း၊ ပြည်သူလူထုနှင့်သော် လည်းကောင်း ဆက်ဆံရာ၌ တရားဝင် ဖော်ပြထားခြင်း မရှိသော်လည်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရှိသည်။

လုပ်ပိုင်ခွင့်အာဏာ ရရှိသွားမှုသည် နိုင်ငံရေးသမားများအား တစ်နည်းနည်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ရန်အတွက် ဆွဲဆောင်နေသည်။ နိုင်ငံရေးသမားများစွာတို့သည် အဂတိလိုက်စားမှုများကို တွန်းလှန်နိုင်သည့် သိက္ခာသမာဓိ ရှိကြသော်လည်း နိုင်ငံရေးသမားအချို့သည် အဂတိလိုက်စားမှုများကို တွန်းလှန်နိုင်လောက်အောင် ကိုယ်ခံအားမကောင်းကြပေ။ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် ၎င်း၏တာဝန်ဝတ္တရားနှင့် ပတ်သက်၍ ပျက်ကွက်ခြင်း သို့မဟုတ် ညစ်ပတ်သော လှည့်ကွက်များကို အသုံးပြုတတ်ခြင်းတို့ ရှိခဲ့ဖူးလျှင် ၎င်းအနေဖြင့် နောက်ထပ်အမှားများကို ထပ်မံပြုလုပ်ရန် ဝန်လေးမည် မဟုတ်တော့ပေ။

နိုင်ငံရေးတွင် ကိုယ်ကျင့်တရားသည် မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပတ်သက်နေသည်။ နိုင်ငံရေးလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်သူလူထုအနေဖြင့် ကိုယ်ကျင့်တရားနှင့် ညီညွတ်သော အပြုအမူများရှိရန် တောင်းဆိုပိုင်ခွင့်ရှိသည်။ နိုင်ငံရေးလောကတွင်သာမက မည်သည့်လောက၌မဆို ကိုယ်ကျင့်တရားသည် အလွန်အရေးကြီးသည့် အချက်ဖြစ်နေသောကြောင့်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးတွင် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ကိုယ်ရေးအချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း၊ ကိုယ်ကျင့်တရားအရ မှတ်ကျောက်တင်ခံနိုင်မှသာလျှင် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent