ပခုက္ကူဒေသတစ်ဝိုက်ရှိ တောင်သူများ အောက်တိုဘာလဆန်းမှစ၍ မြေပဲနုတ်သိမ်းမှု ပြုလုပ်နေပြီး အထွက်နှုန်းကောင်းမွန်သော်လည်း သွင်းအားစုစရိတ် များပြားခြင်းကြောင့် အကျိုးအမြတ်ရရန် မလွယ်ကူကြောင်း တောင်သူများထံမှ သိရသည်။
လက်ရှိနုတ်သိမ်းနေသည့် မြေပဲပင်များမှာ ပြီးခဲ့သည့် ဇွန်လတွင် စိုက်ပျိုးထားသည့် မြေပဲလေးခေါ် သုံးလမြေပဲများဖြစ်ပြီး မြေပဲစိုက်ခင်းတစ်ဧကလျှင် ခြောက်တင်းမှ ကိုးတင်းခန့်ထိ ထွက်ရှိကြောင်း မြေပဲနုတ်သိမ်းပြီးဖြစ်သည့် တောင်သူများထံမှ သိရသည်။
“လေးဧကကျော် ငါးဧကလောက် စိုက်ထားတာမှာ တင်း ၃၀ လောက်ရတယ်။ တစ်ဧက ငါးတင်း၊ ခြောက်တင်းလောက်ထွက်တယ်။ မြေသြဇာ၊ ပိုးသတ်ဆေး၊ အားဆေးသုံးနိုင်တဲ့အပေါ် မူတည်ပြီး အထွက်နှုန်းတော့ မတူကြဘူးပေါ့။ တချို့တောင်သူတွေ တစ်ဧကရှစ်တင်းလောက်ထိ ထွက်တဲ့သူလည်း ထွက်တယ်။ အထွက်နှုန်းအရ ပြောမယ်ဆိုရင် မဆိုးဘူး။ တောင်သူအတွက် ဒီနှစ်က သွင်းအားစု စျေးတက်တဲ့ပြဿနာ ကြုံရတာ။ သွင်းအားစုတွေက နှစ်သောင်းခွဲတန်ပစ္စည်းက ခုနစ်သောင်းလောက် ဖြစ်သွားတယ်။ ကိုယ့်မြေပဲတောင့်စျေးက တစ်ပိဿာကို ၁၀၀၀ နဲ့ ၁၅၀၀ ကြား လောက်ပဲရတယ်။ တောင်သူအနေနဲ့ အကျိုးအမြတ်ရဖို့ဆိုတာ မလွယ်ပါဘူး” ဟု ပခုက္ကူမြို့နယ်မှ တောင်သူကိုညွှန့်က ပြောကြားသည်။
မြေပဲမှာ ပေါ်စဖြစ်သည့်အတွက် စျေးကွက်အတွင်း ဝင်ရောက်ခြင်း မရှိသေးကြောင်း၊ ခြွေလှေ့ပြီးမှသာ စျေးကွက်အတွင်းဝင်ရောက် ရောင်းချကြောင်းနှင့် လက်ရှိတွင် မြေပဲအဆန်တစ်ပိဿာ ကျပ် ၃၂၀၀ ခန့် ပေါက်စျေးရှိပြီး ကုန်လက်ကျန်နည်းပါးကြောင်း ဆီဆုံလုပ်ကိုင်သူများထံမှ သိရသည်။
“လက်ရှိကတော့ စျေးကွက်ထဲ မြေပဲအခွံချွတ်ပြီးတဲ့ မြေပဲအဆန်စျေးကွက်ပဲ ရှိတယ်။ မြေပဲတောင့်က တောင်သူရိတ်သိမ်းပြီး တစ်လလောက်နေမှ စျေးကွက်ထဲကို ရောက်မယ်။ လက်ရှိ မြေပဲအဆန်တစ်ပိဿာ ၃၂၀၀ ပေါက်စျေးရှိပေမဲ့ ဝယ်မရဘူး” ဟု ဆီကြိတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ပခုက္ကူဒေသတစ်ဝိုက် တောင်သူများမှာ မြေပဲကြီး (ခြောက်လပဲ) နှင့် မြေပဲလေး (သုံးလပဲ) ဟူ၍ စိုက်ပျိုးကြပြီး မြေပဲကြီး (ခြောက်လပဲ) များမှာ လာမည့်ဒီဇင်ဘာလရောက်မှသာ စတင်နုတ်သိမ်းကြမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
ပခုက္ကူဒေသတစ်ဝိုက်တွင် ယခုနှစ်မိုးတွင်းကာလ၌ မိုးရွာသွန်းမှုများပြားသည့်အတွက် ပဲတီစိမ်းနှင့် မြေပဲအထွက်နှုန်း ကောင်းမွန်ခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်စိုက်ပျိုးသည့် နှမ်းကြီးများမှာ မိုးရေပိခြင်းနှင့် ရေဝပ်ရေနာခြင်းများကြောင့် ဖြစ်ထွန်းမှု နည်းပါးနေသေးကြောင်း သိရသည်။















