ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ရုတ်တရက်မြင့်တက်လာကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း လုပ်ဆောင်နေသူများ၊ ဒေသခံများနှင့် ယင်းလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သူများက ပြောကြားသည်။ ကချင်ပြည်နယ်တွင် လတ်တလောစုံစမ်းချက်များအရ တရုတ်-မြန်မာနယ်စပ်လိုင်းအနီးရှိ ၀ိုင်းမော်၊ ချီဖွေမြို့နယ်များတွင်လည်းကောင်း တနိုင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း စပ်လျက်ဒေသများ၌ ကြီးမားသော ဘိန်းစိုက်ခင်းများ ဖော်ဆောင်နေကြောင်း သိရသည်။
၀ိုင်းမော်မြို့ ရပ်မိရပ်ဖဓမ္မဆရာဖြစ်သူတစ်ဦးက “ကျွန်တော်တို့ တွေ့ဖူးတာတော့ ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်ဟာ အများဆုံးထင်တာ။ အဲဒါထက်ကျော်သွားပြီ။ ဆဒုံး၊ စင်ကြိုင်၊ လဖိုင်၊ ဝေမိုး၊ ကန်ပိုင်တည်တစ်ကြောလုံး ဘိန်းခင်းတွေ ဖြစ်သွားတယ်။ အဓိကတော့ နိုင်ငံရေးအပြောင်းအလဲမှာ တရားဥပဒေစိုးမိုးမှု မရှိတော့တာပေါ့။ တကယ့်ဒေသခံတွေကတော့ အကျယ်ကြီးဘယ်စိုက်နိုင်မလဲ။ ငွေရှိတဲ့သူတွေ နောက်ကနေထောက်ပံ့လို့ စိုက်နိုင်တာပေါ့။ ဘိန်းမျိုးကို အထွက်တိုးမျိုးဆိုပြီး ဆေးတွေဘာတွေစိမ်ပြီး အကျအနကို ဖြစ်နေတာ။ ငွေရှင်းတော့ တရုတ်ယွမ် ၅၀ လောက်ရတော့ အလုပ်သမားလည်း ပေါတာပေါ့။ ကျွန်တော်တို့တော့ ရေရှည်အတွက် စိုးရိမ်တာပေါ့ဗျာ။ ဘာသာရေးကျောင်းတွေလည်း ကပ်ရောဂါကြောင့် ဆုတောင်းတာတွေ ပိတ်ထားရ။ ကိုယ့်အသင်းတော်သားတွေလည်း ကိုးကွယ်သူတွေလည်း စုစုဝေးဝေးဆွေးဆွေးနွေးနွေး မနေရတော့ ရင်လေးစရာကောင်းတယ်။ ဘာသာရေးဘက်မှာဆိုရင် သင်းထောက်ဆရာခန့်နိုင်ဖို့ကို လူမရှိဘူးဖြစ်နေတယ်။ မနက်လင်းလို့ အိမ်ကထွက်တာနဲ့ မူးယစ်ဆေးသုံးတဲ့ ကလေးတွေ့နေရပြီ။ ခိုး၊ လုတာတွေလည်း များနေပြီ။ မနေ့ကပဲ ကျွန်တော်တို့ ရပ်ကွက်ဥက္ကဋ္ဌ အိမ်ကဝက်ခိုးခံရတယ်” ဟု ပြောကြားသည်။
ယခုနှစ်အတွင်း ဘိန်းခင်းများလာမှုမှာ ဝိုင်းမော်၊ ချီဖွေနှင့် နယ်စပ်တစ်ကြောအပြင် တနိုင်းဒေသများတွင် စိုက်ပျိုးမှုအများဆုံးဟု ယူဆရမည်ဖြစ်ကြောင်း ၊စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ရေးနယ်မြေနှင့် ထိစပ်နေကြောင်း ဒေသခံများက ဆိုသည်။
တနိုင်းဒေသခံတစ်ဦးက “ကျွန်တော်တို့ဘက်က ဘိန်းစိုက်တာကို မုန်ညှင်းခင်းလုပ်တယ်လို့ ပြောတယ်။ အခုက ရွာလုံးကျွတ်သွားနေကြတယ်။ ရွာမှာ လူကိုမကျန်တော့ဘူး။ တနိုင်းချောင်းဖျား၊ ထရုံချောင်းဖျားတွေက နည်းတဲ့အကျယ်မှ မဟုတ်တာ။ချောင်းလက်တက်တွေ အများကြီးပဲ။ အမဲလိုက်၊ကျောက်ကြမ်းပိုးရှာ၊ ငါးရှာရင်းနဲ့ အခင်းခုတ်ကြတာ။ အဓိကတော့ နိုင်ငံရေးအခြေအနေမကောင်း၊ အခြားစီးပွားရေးလည်း လုပ်မကောင်းတော့ အဲဒီဘက်မှာ ရင်းကြတာပေါ့” ဟု ဆိုသည်။
ယခုနှစ်ဘိန်းစိုက်ပျိုးမှု ရုတ်တရက် မြင့်တက်လာခြင်းကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးများ လုပ်ကိုင်နေသည့် ဓမ္မဆရာတော်များ၊ လူမှုအဖွဲ့အစည်းများကလည်း စိုးရိမ်နေကြောင်း ပြောကြားသည်။
ချန်းမူးအသက်တာ မူးယစ်ဖြတ်စခန်းမှ ကျောင်းအုပ် ဦးကျန်းဘောမ်က “ကျွန်တော်တို့ဆီမှာ မူးယစ်ဆေးဝါးဖြတ်တဲ့သူတွေက ပုံမှန်အတိုင်း အပတ်စဉ် ၁၀၀ ကျော်ပါပဲ။ ဒါပေမဲ့ အခုက ရပ်ကွက်ထဲ၊ ရွာထဲမှာ သုံးစွဲရောင်းဝယ်ကြတာ ပေါ်တင်ဖြစ်သွားတယ်။ ထောင်ထဲက လွှတ်ပေးလိုက်တာလည်း တစ်စု၊ အပြင်မှာ သုံးစွဲနေသူက တစ်စု၊ အသစ်သုံးစွဲတဲ့ လူငယ်တွေက တစ်စုပေါ့။အခုက အသစ်သုံးစွဲတဲ့ လူငယ်တွေ များလာတာက စိုးရိမ်စရာကောင်းတယ်။ အခုလုယက်မှုတွေလည်း နေ့တိုင်းနီးပါးဖြစ်နေတယ်။ ဖမ်းဆီးထိန်းသိမ်းမှုကလည်း မလုပ်နိုင်ကြတော့ဘူး။မူးယစ်တိုက်ဖျက်တဲ့သူတွေလည်း ဘယ်သူနဲ့ လက်တွဲလုပ်ကိုင်ရမလဲမသိဘူး။ ကိုယ့်ပြည်နယ်အတွင်းမှာလည်း အများကြီးတိုးစိုက်လိုက်တော့ ဒီမူးယစ်ဆေးဝါးပြဿနာဟာ ဒီထက်ဆိုးလာဦးမှာ သေချာတယ်။ ဒေသခံအရင်းတွေက မြေကောင်းတဲ့နေရာ၊ အစိုးရမရောက်နိုင် မမြင်နိုင်တဲ့နေရာတွေကို ရွေးစိုက်ကြရတယ်။ အခုကတစ်ဦးကို ငါးဧကနေ တစ်တောလုံး တစ်တောင်လုံးစိုက်လိုက်တော့ နောက်ကွယ်က ငွေကြေးထောက်ပံ့သူတွေမပါဘဲနဲ့ မဖြစ်နိုင်ဘူး။ အရင်အများဆုံးဖြစ်ခဲ့တဲ့ ၂၀၁၃-၂၀၁၄ ခုနှစ်တွေထက် အများကြီးသာသွားပြီ” ဟု ပြောကြားသည်။
လက်ရှိတွင် ဆဒုံးအနီးရှိ ဘိန်းခင်းများတွင်သာ မြန်မာကျပ်ငွေ ငွေရှင်းသည့် အခြေအနေဖြစ်ပြီး အခြားဝေးလံသည့်နေရာများတွင် တရုတ်ယွမ်ငွေဖြင့်သာ စျေးရောင်း၊ စျေးဝယ်ရသည့် အခြေအနေဖြစ်ကြောင်း နေမကောင်းဖြစ်ပြီး အိမ်ပြန်လာသည့် ဘိန်းခင်းအလုပ်သမားတစ်ဦးက ဆိုသည်။
“ဘိန်းမဲကတော့ ဘိန်းဖြူထက် ပမာဏတူရင် စျေးကြီးတယ်။ ဘိန်းဖြူဆပ်ပြာခွက်က တစ်ခွက်မှာ နှစ်သိန်းတစ်သောင်းပဲရှိတယ်။ဘိန်းအစစ်နှစ်ချို့က တစ်ခွက် ၁၀ သိန်းကျော်တာကို။ အပြင်မှာတော့ အာလူးမီးဖုတ်ရော၊ အာတာလွတ်မီးဖုတ်ရောပြီးရင်တော့ စျေးပေါ့သွားတယ်။ တနိုင်းပိတ်ဘိန်းကတော့ အရည်အသွေးညံ့တဲ့အထဲ ပါပါတယ်” ဟု အဆိုပါ အလုပ်သမားက ပြောကြားသည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ရုတ်တရက်မြင့်တက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ဘိန်းဖျက်ဆီးသည့် ဧကများလည်း နှစ်စဉ်တက်လာခဲ့ကြောင်းသိရပြီး ၂၀၁၂-၁၃ ခုနှစ် ဘိန်းစိုက်ရာသီတွင် ၆၁၈ ဧက၊ ၂၀၁၃-၁၄ ခုနှစ်တွင် ၄၉၂ ဧက၊၂၀၁၄-၁၅ ခုနှစ်တွင် ၁၃၂၂ ဧက၊ ၂၀၁၅-၁၆ ခုနှစ်တွင် ဘိန်းစိုက်ဧက ၃၈၀၇ ကျော်၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၅၅ ဧကကျော်၊၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဧက ၂၃၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှုရှိပြီး ကန်ပိုက်တည်ဒေသ၊ ဆဒုံးဒေသ၊ တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ ပန်ဝါဒေသ၊ ချီဖွေဒေသ၊ ဗန်းမော်ခရိုင်၊ ဆွမ်ပရာ ဘွမ်ဒေသနှင့် ပူတာအိုခရိုင်တို့တွင် စိုက်ပျိုးနေကြောင်း သိရသည်။















