ခရီးသွားဒေသမှ ရေစုန်မျောခဲ့ကြသူများ

ခရီးသွားဒေသမှ ရေစုန်မျောခဲ့ကြသူများ
အင်းလေးဒေသထွက် ရိုးရာထည်များကို စိတ်ဝင်တစားကြည့်နေသော နိုင်ငံခြားသားခရီးသွားများအား ကိုဗစ်ကာလမတိုင်မီက တွေ့ရစဉ်
အင်းလေးဒေသထွက် ရိုးရာထည်များကို စိတ်ဝင်တစားကြည့်နေသော နိုင်ငံခြားသားခရီးသွားများအား ကိုဗစ်ကာလမတိုင်မီက တွေ့ရစဉ်
Published 3 October 2021
လျှပ်စီး

မြန်မာနိုင်ငံတွင် အထင်ရှားဆုံး ပုဂံဒေသပြီးလျှင် အင်းလေးကန်ဒေသသည် ဒုတိယမြောက်ထင်ရှားကျော်ကြား၍ ပြည်တွင်းပြည်ပခရီးသွား အများအပြားလာရောက် လည်ပတ်လေ့ရှိသော နေရာတစ်ခုဖြစ်ပြီး ညောင်ရွှေမြို့နယ်၏ စီးပွားရေးလုပ်ငန်း အတော်များများသည် ခရီးသွားလုပ်ငန်းအပေါ် မှီတည်နေရကြောင်း သိရသည်။ အဆိုပါ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသတွင် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသဖြင့် ညောင်ရွှေမြို့နယ်တွင်းရှိ ခရီးသွားလုပ်ငန်း တိုက်ရိုက်ဆက်စပ်သူများ၊ သွယ်ဝိုက်ဆက်စပ်သူများ လူတန်းစားမျိုးစုံတို့သည် ရာနှုန်းပြည့် စီးပွားရေး ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သည် ပြည်ပခရီးသွား အများအပြားလာရောက် လည်ပတ်ကြသောနေရာတစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းဖြင့် နိုင်ငံ၏ဝင်ငွေအများဆုံး ရှာဖွေပေးသော ခရီးသွားဒေသတစ်ခုလည်း ဖြစ်ပေသည်။ ပြည်နယ်အတွင်း ဒုတိယအများဆုံး လည်ပတ်သော မြို့တော်မှာ ကလောမြို့ပင် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် မတ်လခန့်တွင် အင်းလေးဒေသ၌ ကိုရိုနာဗိုင်းရပ်စ် စတင်ရောက်ရှိခဲ့သဖြင့် ခရီးသွားလုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး အထိနာခဲ့ကြရာမှ စတင်ခဲ့သည်။ တကယ်တမ်းမှာမူ ၂၀၁၉  ခုနှစ် ဒီဇင်ဘာလခန့်တွင် စတင်၍ ခရီးသွားနည်းပါးလာပြီဖြစ်ကြောင်း ညောင်ရွှေမြို့ခံ ဦးလှထွေးကဆိုသည်။ ၂၀၂၀  ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ခရီးသွားလုပ်ငန်းများရပ်တန့်နေသည်မှာ နှစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ပြည်နယ်၏ အသည်းနှလုံး အင်းလေးကန်

ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သည် အဓိကအားဖြင့် ပြည်ပခရီးသွားလုပ်ငန်းအပေါ်တွင် ၇၀ ရာခိုင်နှုန်းခန့် မှီခိုအားထားလုပ်ကိုင်နေရခြင်းဖြစ်ပြီး လုပ်ငန်းအများစုမှာ ခရီးသွားလုပ်ငန်းဖြင့် ဆက်နွှယ်သောလုပ်ငန်းများပင် ဖြစ်ကြသည်။

ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးကန်တွင်းရှိ ကျေးရွာများတွင် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေကြသော လုပ်ငန်းအမျိုးအစားများမှာ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း၊ ဧည့်လမ်းညွှန် ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွားများပို့ဆောင်ရေးလုပ်ငန်းစု၊ ခရီးသွားဝန်ဆောင်မှု Tracking လုပ်ငန်းများ၊ ငွေပန်းထိမ်လုပ်ငန်း၊ ရက်ကန်းရုံနှင့် အဝတ်အထည်များ ရောင်းဝယ်ရေးလုပ်ငန်း၊ အမှတ်တရပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ဒေသထွက်ပစ္စည်းရောင်းဝယ်ရေးနှင့် ဒေသထွက်စားသောက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းများ၊ ခရီးသွားပို့ဆောင်ရေးစက်လှေသမားများ၊ အခြားဝန်ဆောင်မှုပေးသော လုပ်ငန်းစုများ အပါအဝင် စင်ရော်ငှက်စာရောင်းသောစျေးသည်အထိ ပါဝင်သည်။

အလုပ်ပြောင်းကြသူများ

ညောင်ရွှေနယ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းချိန်မှစတင်၍ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြသူအားလုံးသည် မိမိတို့လုပ်ငန်းများကိုစွန့်ခွာ၍ အခြားလုပ်ငန်းများကိုပြောင်းလုပ်နေကြခြင်း ဖြစ်သည်။ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေကြသူများသည် မူလလုပ်ငန်းကိုစွန့်ခွာ၍  ကြုံရာကျပန်း ဝင်လုပ်ကြရကြောင်း ၎င်းတို့ပြောပြချက်အရ သိရသည်။

အင်းလေးကန် အရှေ့ဘက်တွင် ညောင်ရွှေမြို့ စက်လှေဂိတ်၊ မိုင်းသောက် စက်လှေဂိတ်၊ နန်းပန် စက်လှေဂိတ်တို့တွင် လည်းကောင်း၊ ကန်အနောက်ဘက်တွင် ရေပူ၊ ခေါင်တိုင်၊ အင်းတိန် စသည့် နေရာများတွင်လည်းကောင်း၊ အင်းလေးကန်အတွင်း သွားရောက်လည်ပတ်နိုင်ရန်အတွက် စက်လှေဂိတ်များ တည်ရှိသည်။ အဆိုပါ စက်လှေဂိတ်များတွင် လုပ်ကိုင်နေကြသော စက်လှေမောင်းသမားများသည် ခရီးသွားလုပ်ငန်းရပ်တန့်သွားသဖြင့် ခရမ်းချဉ်သီး ကုန်ထမ်းခြင်း၊ ခြံစိုက်ခြင်း၊ ငါးဖမ်းခြင်း၊ လယ်လုပ်၊ နေ့စားအလုပ်ဝင်လုပ်ခြင်း စသည့် အလုပ်များပြောင်းလုပ်နေရကြောင်း သိရသည်။

ညောင်ရွှေမြို့ပေါ်ရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်သော ကုမ္ပဏီများ၊ လုပ်ငန်းများသည်လည်း ကုန်စုံဆိုင်၊ ဆေးပစ္စည်းဆိုင်များအဖြစ် ပြောင်းလဲဖွင့်လှစ်ရကြောင်း သိရသည်။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေကြသော တိုးဂိုက်များ၊ ဧည့်လမ်းညွှန်များ၊ Tracking လုပ်ငန်း ဆောင်ရွက်နေကြသူများသည်လည်း တို့ဟူးနွေးဆိုင်၊ ထမင်းဆိုင် စသည့် လုပ်ငန်းများ ပြောင်းလုပ်နေကြရကြောင်း သိရသည်။ ခရီးသည် ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးနေသော ကားသမားများသည် မုန့်လုပ်ရောင်းနေကြရကြောင်း သိရသည်။

“အခုကားသမားတွေ ဗိုက်မှောက်ပြီး နေနေရတယ်။ ကားသမားတွေ ဂိတ်တွေ၊ ကုမ္ပဏီဖွင့်ထားတဲ့သူတွေဆိုရင် အောက်ထပ်ကို စျေးဆိုင်ဖွင့်လိုက်တယ်။ ရာသီအလိုက် ပေါ်တာတွေ ရောင်းတယ်။ ကုန်ခြောက်တွေ၊ ဆေးပစ္စည်းတွေ၊ ကိုဗစ်နဲ့ ပတ်သက်တဲ့ ဆေးပစ္စည်းတွေ လိုက်ရောင်းနေရတယ်။ အရင်းအနှီးရှိတဲ့သူက ဆိုင်ဖွင့်လိုက်တာပေ့ါ။ ရှင်းရှင်းပြောရရင် Tracking သမားတွေ အလုပ်မရှိတော့လို့ တို့ဟူးနွေးဆိုင် ပြောင်းဖွင့်နေကြတယ်။ နှစ်နှစ်ပြည့်တော့မှာပေ့ါ။ မော်တော်သမားတွေဆိုရင် ခရမ်းချဉ်သီး လိုက်ထမ်းနေရတယ်။ ကားသမားတွေဆိုရင် မုန့်လုပ်တတ်သူ မုန့်လုပ်ရောင်းပေါ့။ တချို့လည်း ခြံဝင်လုပ်ကြတာပေ့ါ။ အဲဒီလို ဝင်လုပ်နေရတယ်။ ထိခိုက်ပမာဏကျယ်ပြန့်တယ်” ဟု ညောင်ရွှေမြို့ခံ ဦးကျော်မြင့်က ဆိုသည်။

ညောင်ရွှေမြို့နယ် ခရီးသည်ပို့ဆောင်ရေး ရေယာဉ်အသင်းတွင် အသင်းဝင်ပေါင်း ၂၀၀ ခန့်ရှိပြီး ကိုဗစ်ကာလအတွင်း ခရီးသည်မရှိတော့သဖြင့် စက်လှေမောင်းအလုပ်ကို စွန့်ခွာကာ လယ်လုပ်ခြင်း၊ ပန်းရန်လုပ်ခြင်း၊ ငါးဖမ်းခြင်း၊ နေ့စားအလုပ်ရှာစားခြင်းတို့ကို ပြောင်းလဲလုပ်ကိုင်ကြကြောင်း သိရသည်။

“ကိုဗစ်ကာလ တားဆီးထားတော့ ဘယ်မှမသွားရဘူးပေါ့။ စက်လှေသမား၊ ကားသမားတွေ မသွားရဘူးပေါ့။ ကိုဗစ်ကြောင့် ရပ်တန့်ရပြီ သွားသမားလာသမား မရှိဘူး။ အခက်အခဲ နည်းပေါင်းစုံပေါ့ဗျာ။ စက်လှေမောင်းသမားတွေ လယ်ရှိသူလယ်လုပ်ပေ့ါ။ ပန်းရန်လုပ် နေ့စားအလုပ်တွေ လုပ်ကြတာပေ့ါ။ စက်လှေသမားတွေ မရှိသလောက် လျော့သွားတယ်။ ဧည့်သည်မရှိဘူး။ ပြင်ပနိုင်ငံခြား လုံးဝမရှိဘူး။ စားဝတ်နေရေး ခက်ခဲတော့ ငါးရှာ၊ လယ်လုပ်၊ ပန်းရန်လုပ် အသီးသီးပေ့ါ။ ဝမ်းစာရေးအတွက် လှုပ်ရှားနေ ရတာပေ့ါ” ဟု ညောင်ရွှေမြို့နယ် ခရီးသည်ပို့ဆောင်ရေး ရေယာဉ်အသင်းဥက္ကဋ္ဌ ဦးပြုံးက ဆိုသည်။

မျှော်လင့်ချက်မဲ့ ပြည်ပခရီးသွားလုပ်ငန်း

ညောင်ရွှေမြို့နယ် အင်းလေးကန်ရှိခရီးသွားလုပ်ငန်း ဆောင်ရွက်နေကြသောလုပ်ငန်းရှင်အားလုံး တညီတညွတ်တည်း ခန့်မှန်းကြသည်မှာ ပြည်ပခရီးသွားလုပ်ငန်းသည် နောက်ထပ်ငါးနှစ်အတွင်း နာလန်ထူနိုင်ရန် အတော်ကြိုးစားရဦးမည် ဖြစ်ကြောင်း ဆိုကြသည်။

အင်းလေးဒေသတွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ နှစ်နှစ်အတွင်း ပြန်လည်ဖွံ့ဖြိုးလာရန် ဖြစ်နိုင်သော်လည်း ပြည်ပခရီးသွားလုပ်ငန်းများအတွက် မမျှော်လင့်ရဲကြောင်း လုပ်ငန်းရှင်များက ဆိုသည်။ ပြည်တွင်း ခရီးသွားများထက် ပြည်ပခရီးသွားများသည် အဓိက ဝင်ငွေလမ်းကြောင်း ရှာပေးသော အရင်းအမြစ်တစ်ခုဖြစ်နေသဖြင့် ပြည်ပနိုင်ငံခြားသားခရီးသည်များသည် အခရာကျကြောင်း သိရသည်။

“မျှော်လင့်လို့ မရပါဘူး။ အနည်းဆုံး ငါးနှစ်လောက်တော့ သွားမှာပဲ။ အခုက အားလုံး ရပ်တန့်ထားရတာ တစ်နိုင်ငံလုံးပဲလေ” ဟု ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်သူ ဦးဘိုဘိုက ပြောကြားသည်။

“ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ဖို့က ကိုဗစ်ပြဿနာတွေနဲ့ ဆိုတော့ ဘယ်လိုမှ ပြန်လည်ထူထောင်ဖို့ မရှိသေးပါဘူး။ သိပ်ပြီး မမျှော်လင့်ရဲသေးဘူး။ ကမ္ဘာ့စီးပွားရေးတွေကလည်း အကုန်လုံးပြဿနာတွေ ဖြစ်နေတော့လေ။ ပြည်တွင်းကတော့ ကိုဗစ်ပျောက်ရင် ဘုရားဖူးလေးတွေ ထွက်လာဦးမယ်ထင်တယ်။ ပြည်ပတော့ အလှမ်းဝေးဦးမယ်။ အဓိကတော့ ပြည်ပနဲ့ပဲလုပ်တာဆိုတော့ တော်တော်မလွယ်သေးဘူး။ လေးငါးနှစ်ထက်တော့ နည်းနည်းစောဦးမလားပေါ့” ဟု စားသောက်ဆိုင်ပိုင်ရှင် ဦးဇော်ထွန်းမြင့်က ပြောသည်။

“အသွားအလာလည်း သိပ်မကောင်းသေးဘူးဆိုတော့ အဆင်မပြေသေးဘူးဗျ။ နှစ်နှစ်လောက်တော့ ကြာဦးမယ် ထင်တယ်။ ပြည်တွင်းဘုရားဖူးတော့ တစ်နှစ်ကျော်လောက် အဆင်ပြေမယ် ထင်ထားတာပဲ။ ပြည်ပတော့ ဒီပုံစံနဲ့ မလွယ်လောက်သေးဘူး” ဟု ပန်းထိမ်နှင့် ရက်ကန်းရုံလုပ်ငန်းပိုင်ရှင် ဦးထွန်းထွန်းက ပြောသည်။

ဆုံးရှုံးထိခိုက်မှုများပြား

ကိုဗစ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ခရီးသွားလုပ်ငန်းများတွင် ညောင်ရွှေမြို့နယ် အင်းလေးကန်သည် လူထုလူတန်းစား ထိခိုက်မှုအများဆုံးဟုပင် ဆိုရပေမည်။

သက်ဆိုင်ရာ စာရင်းများအရ ညောင်ရွှေမြို့နယ်တွင် ဟိုတယ်ပေါင်း  ၆၄ လုံး၊ အင်း ၂၆၊ တည်းခိုခန်း ၉၊ ဆောက်လုပ်ဆဲ ဟိုတယ် ၁၄ လုံး ရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်တွင် ဟိုတယ်နှင့်တည်းခိုခန်းပေါင်း ၃၈၀ ရှိရာတွင် ညောင်ရွှေမြို့နယ်တွင် ၁၀၀ ကျော်ရှိနေသဖြင့် သုံးပုံတစ်ပုံခန့် ရှိကြောင်း တွေ့ရသည်။ ဟိုတယ်လုပ်ငန်းအပြင် စားသောက်ဆိုင်များ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများစွာတို့လည်း ရှိသဖြင့် ညောင်ရွှေမြို့နယ်သည် ခရီးသွားမြို့တော်ဒေသဟုပင် တင်စားခေါ်ဝေါ်နိုင်ပေသည်။

ကိုဗစ် တတိယလှိုင်းကာလတွင် ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူ ဦးဘိုဘိုပြောပြချက်အရ နိုင်ငံခြားခရီးသည် မပြောနှင့်။ ပြည်တွင်းခရီးသွားပင် မရှိတော့သဖြင့် လုပ်ငန်းအားလုံး ရပ်တန့်ထားရကြောင်း ဆိုသည်။

“တစ်နိုင်ငံလုံးရပ်သွားတာပဲ။ အရင်တုန်းက စက်လှေသမားတွေဆိုလည်း ငါးရှာလယ်လုပ်ပေါ့။ ညောင်ရွှေကတော့ အများဆုံးပေါ့။ ခုက နိုင်ငံခြားသားမပြောနဲ့ ပြည်တွင်းခရီးသွားတောင်မရှိဘူး။ လုပ်ငန်းရောင်းချင်သမားတွေပဲ။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေပေါ့။ တချို့ဆိုင်တွေဆိုရင်ငှားထား ပြီးတော့ ပြန်အပ်လိုက်တယ်။ မြေယာပိုင်တဲ့သူတွေဆိုရင် ပိတ်ထားပြီးတော့ လုပ်ငန်းပြောင်းသူပြောင်း၊ မပြောင်းလည်း မှိန်းပြီးနေကြတာပေ့ါ ဒီအချိန်ကလေ” ဟု ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းမှ ဦးဘိုဘိုက ပြောသည်။

သဘာဝ ဘေးအန္တရာယ်ကြောင့် ပင်းတယရှိ စားသောက်ဆိုင် မီးလောင်ပျက်စီးဆုံးရှုံးခံလိုက်ရပြီး အင်းလေးကန်အတွင်းရှိ စားသောက်ဆိုင်မှာလည်း ကိုဗစ်ကာလအတွင်း နှစ်နှစ်နီးပါး ပိတ်ထားရသဖြင့် ဒုက္ခပေါင်းစုံ ပင်လယ်ဝေခဲ့ရကြောင်း စားသောက်ဆိုင်ပိုင်ရှင် ဦးဇော်ထွန်းမြင့်က ပြောသည်။

“အင်းလေးမှာဆိုရင် အဆိုးဆုံးက အင်းလေး ဟဲယာရွာမ၊ အင်းပေါခုံ၊ သာလေးအိုးကုန်း၊ ညောင်ရွှေ မြို့နယ်ဘက်က စက်လှေဆရာတွေဆိုရင် ခရီးသွားလုပ်ငန်းနဲ့ပဲ လုပ်ကိုင်စားသောက်နေကြတော့ ခုလက်ရှိတော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ ဆိုင်ကနှစ်နေရာရှိတာ။ တစ်နေရာတော့ မီးလောင်သွားပြီ။ ကျွန်တော် ရက်ရက်စက်စက် ထိခိုက်ခဲ့ရတယ်။ အရင်းပြုတ်သွားတယ်။ ဆိုင်တစ်ဆိုင် ပြန်လည်ထူထောင်ဖို့ဆိုတာ မလွယ်တော့ဘူး။ ကျွန်တော့် အသိတွေထဲမှာလည်း တချို့ချေးငွေတွေနဲ့ ပြဿနာတွေတက်၊ အကုန်လုံး ရပ်လိုက်ရင်တောင် တချို့က ဝန်ထမ်းလေးတွေကို စာနာစိတ်နဲ့ ထားထားပေးတဲ့ သူတွေကလည်း ရှိတယ်။ ညောင်ရွှေမှာ ကိုဗစ်နဲ့ဆိုတော့ ပုံမှန်မဖွင့်သေးဘူး။ အင်းလေးကန်မှာ အလုပ်ကိစ္စရှိသူတွေတော့ လာကြတယ်” ဟု စားသောက်ဆိုင်ပိုင်ရှင် ဦးဇော်ထွန်းမြင့်က ပြောသည်။

ပန်းထိမ်လုပ်ငန်းအပြင် အင်းလေးထွက် အဝတ်အထည်များ ရောင်းနေရသဖြင့် ခံသာသေးကြောင်း၊ ခရီးသွားလုပ်ငန်း ရပ်တန့်ခြင်းကြောင့် ငွေထည်လုပ်ငန်းတွင် တစ်နှစ်တာအတွက် သိန်းထောင်ပေါင်းများစွာ နစ်နာမှုရှိခဲ့ကြောင်း ပန်းထိမ်နှင့် ရက်ကန်းရုံလုပ်ငန်းပိုင်ရှင် ဦးထွန်းထွန်းက ပြောသည်။

“ကျွန်တော်တို့ ရွာမကတော့ ခရီးသွားလုပ်ငန်း အဆင်မပြေတော့ တခြားလုပ်ငန်းနဲ့ လုပ်နေသေးတယ်။ ကျွန်တော်တို့က တခြားလုပ်ငန်းရှိတော့ တော်သေးတယ်။ ငွေထည်လုပ်ငန်း၊ အဝတ်အထည်နဲ့ ချည်ထည်အဝတ်တွေ ချုပ်ရောင်းတာပေါ့။ အင်းဘောင်းဘီ၊ အကျႌတွေကို ချုပ်ရောင်းတဲ့အပြင် ဆိုင်ဖွင့်ထားတယ်။ လိုင်းမှာလည်း အွန်လိုင်းမှာ စျေးရောင်းတော့ တော်သေးတယ် ပြောရမယ်။ ငွေထည်တစ်ခုတည်း ရပ်တည်မယ်ဆိုရင် မလွယ်လောက်ဘူး။ ခရီးသွားလုပ်ငန်း ထူထောင်လာဖို့ လိုလားကြတာပေ့ါ” ဟု ရွာမကျေးရွာမှ ပန်းထိမ်နှင့် ရက်ကန်းရုံ လုပ်ငန်းပိုင်ရှင် ဦးထွန်းထွန်းက ပြောသည်။

အင်းလေးကန်တွင် လက်မှုလုပ်ငန်းများ ဖြစ်သော ပန်း ၁၀ မျိုး လုပ်ငန်း အားလုံးနီးပါး လုပ်ကိုင်ကြသဖြင့် မြန်မာမှု အနုပညာပစ္စည်း အများဆုံး ရောင်းဝယ်ရာနေရာလည်း ဖြစ်သည်။ အင်းဒေသထွက် ပန်းပဲပစ္စည်းများ ဖြစ်သော ကတ်ကြေး၊ ဓားမ၊ ဓားရှည်၊ ခြံရှင်းဓားတို့အပြင် နိဗ္ဗာန်ကုန်လုပ်ငန်းများလည်း ထွက်ရှိသည်။ ထို့ပြင် ရွှေပန်းထိမ်၊ ငွေပန်းထိမ် လက်မှုပစ္စည်းများအပြင် ပန်းပု လက်မှုပစ္စည်းများလည်း ရှိသည်။ အဆိုပါ ရွာမကျေးရွာတွင် ပန်းပု၊ ပန်းထိမ်၊ ပန်းချီ နှင့် ပန်းပဲလုပ်ငန်းတို့သည် အများဆုံး နစ်နာမှုရှိကြောင်း ၎င်းကဆိုသည်။

နိဂုံး ဆုတောင်း

ကမ္ဘာပေါ်တွင် ကိုဗစ်ကပ်ရောဂါဆိုးကြီး အမြန်ဆုံး ပျောက်ကင်း၍ ငြိမ်းချမ်းသာယာချမ်းမြေ့သော နေ့သစ်များ အမြန်ဆုံး ရောက်ရှိလာစေကြောင်း မြတ်စိန္တေထံ ဆုမွန်တောင်းအပ်ပါသည်။            

Most Recent