ဖေဖော်ဝါရီနောက်ပိုင်း ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးခဲ့သူ ၅၃၁၅ ဦးအား လွှတ်ပေးခဲ့ကြောင်းနှင့် သတင်းပို့ ဆက်သွယ်လာသူ ၇၀၂ ဦးတို့၏ အမှုများကို ပိတ်သိမ်းခဲ့ကြောင်းထုတ်ပြန်

ဖေဖော်ဝါရီနောက်ပိုင်း ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးခဲ့သူ ၅၃၁၅ ဦးအား လွှတ်ပေးခဲ့ကြောင်းနှင့် သတင်းပို့ ဆက်သွယ်လာသူ ၇၀၂ ဦးတို့၏ အမှုများကို ပိတ်သိမ်းခဲ့ကြောင်းထုတ်ပြန်
Published 22 September 2021

ဖေဖော်ဝါရီနောက်ပိုင်း ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးခဲ့သူ ၅၃၁၅ ဦးအား လွှတ်ပေးခဲ့ကြောင်းနှင့် သတင်းပို့ ဆက်သွယ်လာသူ ၇၀၂ ဦးတို့၏ အမှုများကို ပိတ်သိမ်းခဲ့ကြောင်း စက်တင်ဘာ ၂၁ ရက် ညပိုင်း MRTV သတင်းကြေညာချက်အရ သိရသည်။

ကြေညာချက်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ တပ်မတော်က တာဝန်လွှဲပြောင်းရယူခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် ငါးရပ် ချမှတ်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်များ၌ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဆန္ဒပြမှုများတွင် ပါဝင်ခဲ့သော်လည်း လူသတ်၊ လုယက်၊ မီးရှို့မှုများ၊ အများပြည်သူအား အုပ်စုဖွဲ့တိုက်ခိုက်မှု၊ အစိုးရပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အဦများ ဖျက်ဆီးမှုနှင့် အခြားပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားခြင်း မရှိသူများ၊ CDM လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်မှု မရှိသူများအား ၎င်းတို့အပေါ် အရေးယူထားမှုများကို ဥပဒေနှင့်အညီ ပြန်လည် ဖြေလျှော့ပေးခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၅၃၁၅ ဦးအား လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများအား မိမိသဘောဆန္ဒအလျောက် ဆက်သွယ် သတင်းပို့ပါက အထက်တွင် ဖော်ပြခဲ့သည့် လုပ်ရပ်များတွင် ပါဝင်ခြင်း မရှိပါက ၎င်းတို့အ‌ပေါ် ရေးဖွင့်ထားသည့် အမှုများကိုလည်း ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် သတင်းပို့ဆက်သွယ်သူ ၇၀၂ ဦးတို့၏ အမှုများကို ပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ပြီး ဆက်လက်၍လည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent