ယနေ့ခေတ်တွင် Gen-Z ဟူသော အသုံးအနှုန်းကို ပြောဆိုလာကြသည်။ Z မျိုးဆက်အကြောင်း ပြောမည်ဆိုပါက အခြားသော မျိုးဆက်များကိုပါ သိထားရန်လိုအပ်သည်။ ပထမဆုံးပြောရလျှင် Baby Boomers ဟူသည့် မျိုးဆက်ကို သိရန်လိုသည်။ ဒုတိယကမ္ဘာစစ်ပွဲအပြီး (အကြမ်းအားဖြင့် ၁၉၄၆ နှင့် ၁၉၆၄ ခုနှစ်တို့အကြား) မွေးဖွားလာသူများကို Baby Boomers မျိုးဆက်ဟု ခေါ်ဆိုသည်။ ဒုတိယကမ္ဘာစစ်ပြီး နှစ်များအတွင်း အနောက်တိုင်းနိုင်ငံအများအပြားတွင် မွေးဖွားနှုန်းတက်လာပြီး စစ်ပွဲကာလအတွင်း တွေ့ကြုံခဲ့ရသည့် စီးပွားရေးအကျပ်အတည်းမှနေ၍ ဖြည်းဖြည်းချင်း ပြန်လည်ရုန်းထရသည်။ ယင်းမျိုးဆက်သည် ဘဝတစ်လျှောက် ကြိုတင်မျှော်လင့်မထားသော စီးပွားရေးတိုးတက်မှု၊ ကြွယ်ဝမှုများကို တွေ့ကြုံရသည်။ သူတို့သည် အကျပ်အတည်းခေတ်၌ လူ့လောကအတွင်းသို့ ဝင်ရောက်လာသော်လည်း ပညာရေး၊ အစိုးရအထောက်အပံ့၊ အိမ်ခြံမြေစျေးနှုန်း မြင့်တက်မှု၊ နည်းပညာတိုးတက်မှုများနှင့် ကြုံတွေ့ရသည်။ ယေဘုယျသဘောအရ အောင်မြင်ပြီး ချမ်းသာကြွယ်ဝသော မျိုးဆက်ဟု ခေါ်နိုင်သည်။ ယခုအခါ ယင်းမျိုးဆက်ဝင်များစွာတို့သည် အငြိမ်းစားယူကြပြီး ယေဘုယျသဘောအရ ရှေ့မျိုးဆက်များထက် ပိုမိုသက်သောင့်သက်သာရှိသော အနေအထား၌ရှိသည်။ ထင်ရှားသည့် ယင်းမျိုးဆက်ဝင်အချို့ကို ဥပမာပြရလျှင် စတိဗ်ဂျော့၊ဘီဂိတ်၊ဘီကလင်တန်၊ဂျော့ဒဗလျူဘုရှ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်သည်။
Baby Boomers မျိုးဆက်ပြီး နောက်မျိုးဆက်ကို X မျိုးဆက်ဟု ခေါ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းအတွင်း မွေးလာသူများဖြစ်သည်။ အဆိုပါမျိုးဆက်များ လူငယ်ဘဝ၌ နိုင်ငံရေးအဖြစ်အပျက်ပေါင်းများစွာတို့၏ ပုံသွင်းမှုကို ခံရသည်။ ဗီယက်နမ်စစ်ပွဲ၊ ဘာလင်တံတိုင်းပြိုကျမှု၊ စစ်အေးခေတ်ပြီးဆုံးမှုနှင့် ဗြိတိန်တွင် မာဂရက်သက်ချာခေတ် အစရှိသည့် အဖြစ်အပျက်တို့က X မျိုးဆက်၏ ယဉ်ကျေးမှုနှင့် ရင့်ကျက်လာမှုတို့ကို ပုံသွင်းရာ၌ ပါဝင်ခဲ့သည်။ ရှေ့မျိုးဆက်ထက်စာလျှင် X မျိုးဆက်သည် သဘောထားကွဲလွဲတည်ရှိမှုနှင့် ပတ်သက်၍ ပို၍ပွင့်လင်းသည်။ ဘာသာရေး၊ ကျား- မ ကွဲပြားမှု၊ အဆင့်အတန်း၊ လူမျိုးစုအစရှိသဖြင့် ကွဲပြားခြားနားမှုများကို ထိတွေ့ခြင်းနှင့်ပတ်သက်၍ များစွာသင်ယူခဲ့ရသည်။ ဒေးဗစ်ကင်မရွန်၊ ဂျနီဖာလိုပက်၊ ဂျေဇက်၊ ဗစ်တိုးရီးယားဘက်ခမ်း၊ ဇော်ဝင်းထွဋ်နှင့် လေးဖြူတို့၏ မျိုးဆက်ဖြစ်သည်။
၁၉၈၀ ပြည့်လွန်နှစ်များအနှောင်းပိုင်းနှင့် ၂၀၀၀ ပြည့်နှစ်အတွင်း မွေးဖွားလာသူများကို Y မျိုးဆက်ဟု ခေါ်သည်။ အဆိုပါ Y မျိုးဆက်သည် ၎င်းတို့၏ လူငယ်ဘဝအတွင်း နည်းပညာတစ်ဟုန်ထိုး ဖြစ်ပေါ်တိုးတက်မှု (နည်းပညာတော်လှန်ရေး)နှင့် ကြုံတွေ့ရပြီး ယင်း၏ပုံသွင်းခြင်းကို ခံရသည်။ အဆိုပါမျိုးဆက်သည် အိုင်ဖုန်း၊ လက်ပ်တော့၊ တက်ဘလက် အစရှိသော နောက်ဆုံးပေါ် နည်းပညာကိရိယာများနှင့် ထိတွေ့ရသည်။ Y မျိုးဆက်သည် တစ်ချိန်လုံး အွန်လိုင်းနှင့် ထိတွေ့နေသူများလည်းဖြစ်သည်။ Y မျိုးဆက်များသည် အလုပ်ဝန်ပိနေသော မိဘများကိုကြည့်ကာ ကြီးပြင်းလာပြီး ဘဝအမြင် ပြောင်းလဲလာသူများဖြစ်သည်။ ဘီယွန်းဆေး၊ ဘရစ်တနီစပီးယား၊ ဂျက်စတင် တင်ဘားလိတ်၊ ရီဟားနား၊ ကီရာနိုက်တလေ၊ ဂျက်စတင်ဘီဘာနှင့် စိုင်းစိုင်းခမ်းလှိုင်တို့၏ မျိုးဆက်ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားလာသူများကို Z မျိုးဆက်များဟု သတ်မှတ်သည်။ Z မျိုးဆက်သည် ယခုအချိန်၌ အရွယ်ရောက်စ လူငယ်များဖြစ်ပြီး လူငယ်ဘဝ၌ မည်သည့်အရာများကို တွေ့ကြုံရမည်နည်းဟူ၍ စိတ်ဝင်တစား ကြိုတင်စောင့်ကြည့်ခံခဲ့ရသည့် မျိုးဆက်ဖြစ်သည်။ ယင်းမျိုးဆက်သည် ဆက်သွယ်ရေးနည်းပညာ အလွန်အဆင့်မြင့်သော ခေတ်အတွင်း ကြီးပြင်းရပြီး လူမှုမီဒီယာများကို အလွန်အမင်းသုံးစွဲကာ ဆက်သွယ်ရေးနည်းပညာက ဘဝသွင်ဟန်များကို ပြဋ္ဌာန်းမည့် မျိုးဆက်ဟု ခန့်မှန်းကြသည်။
ဖော်ပြပါ မျိုးဆက်လေးခုတို့သည် ယခုမျက်မှောက်ခေတ်၌ နေထိုင်နေသော မျိုးဆက်များဖြစ်ပြီး လူငယ်ဘဝ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံချင်း ခြားနားလျက် မျိုးဆက်ကွာဟမှုကြောင့် ရံဖန်ရံခါတွင် တွန်းတိုက်မှုများမှသည် ပဋိပက္ခများအထိ ဖြစ်ပေါ်တတ်သည်။ မိဘများနှင့် သားသမီးအကြား၊ အဘိုးအဘွားများနှင့် မြေးတို့အကြား ကွဲပြားခြားနားသော အမြင်များကြောင့် ပြဿနာများ တက်ရသည်။ ဥပမာအားဖြင့် X မျိုးဆက်က ၎င်းရှေ့မှ မျိုးဆက်ကို တစ်ယူသန်များဟု ထင်တတ်ပြီး ၎င်းတို့နောက်မှ Y မျိုးဆက်ကို ‘ပေါ့ပေါ့နေ ပေါ့ပေါ့စားများ’ ဟု ထင်တတ်ကြသည်။ Y မျိုးဆက်ကလည်း ရှေ့မှမျိုးဆက်များကို ခေတ်မမီသော အဘိုးကြီးအဘွားကြီးများဟု မှတ်ယူတတ်ကြသည်။
ဂီတအနုပညာ၊ လူမှုရေးစံတန်ဖိုးများ၊ နိုင်ငံရေး အစရှိသည်တို့နှင့် ပတ်သက်၍ ကွဲပြားခြားနားသော အမြင်များကြောင့် မျိုးဆက်ကွာဟမှု ဖြစ်ပေါ်လာသည်။ မိသားစု နေအိမ်အတွင်းသာမက အလုပ်ခွင်နှင့် လူမှုရေးအသိုင်းအဝိုင်းများအတွင်း မျိုးဆက်တစ်ခုသည် အခြားမျိုးဆက်တစ်ခုနှင့် သီးခြားစီဖြစ်သွားပြီး ပူးပေါင်းလုပ်ဆောင်မှု အားနည်းသွားတတ်သည်။ ထို့ကြောင့် မျိုးဆက်တစ်ခုနှင့်တစ်ခု ဆက်ဆံရာတွင် အချက်အလက်များကို မျိုးဆက်အချင်းချင်း မျှဝေဖလှယ်ရန်လိုသည်။ ဥပမာအားဖြင့် ပို၍ကြီးသော မျိုးဆက်များအနေဖြင့် မိမိတို့၏ ကြွယ်ဝမှုနှင့် ဘဝနှင့်ပတ်သက်သော အတွေ့အကြုံ ဗဟုသုတများကို ပို၍ငယ်သော မျိုးဆက်ကိုပေးပြီး ငယ်သောမျိုးဆက်ကလည်း လက်ရှိ ဂီတ၊ နည်းပညာ အစရှိသည့် လမ်းကြောင်းများကို ရှေ့မျိုးဆက်အား ရှင်းပြရန်လိုသည်။ ထို့ကြောင့် မျိုးဆက်အချင်းချင်း ဆက်ဆံရေးကို ဂရုပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
စက်တင်ဘာ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်