ကိလေသာ ၁၀ ပါး

ကိလေသာ ၁၀ ပါး
Published 20 September 2021

ကိလေသာ ၁၀ ပါးမှာ လောဘ၊ ဒေါသ၊ မောဟ ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ အဟိရိကနှင့် အနောတ္တပ္ပတို့ဖြစ်သည်။

လောဘဟူသည် လိုချင်တပ်မက်ခြင်းကို ခေါ်သည်။ ရာဂသည် တရားကိုယ်အားဖြင့် လောဘတွင် ပါဝင်သည်။ “လိုချင်တပ်မက်ခြင်း” ဟု ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးသာ လောဘဖြစ်သည်။ နိဗ္ဗာန်ကို လိုချင်မှု၊ တရားကိုလိုချင်မှု၊ စာပေတတ်မြောက်ချင်မှု၊ ဆင်းရဲသူများကို ပေးကမ်းလို၍ ပစ္စည်းဥစ္စာကို လိုချင်မှု အစရှိသည့် ကောင်းသောအရာ၌ လိုချင်မှုမျိုးကား လောဘ မဟုတ်၊ ဆန္ဒသဘောသာ ဖြစ်သည်။

ဒေါသဟူသည်မှာ အမျက်ထွက်ခြင်းကို ခေါ်သည်။ စိတ်အတွင်းတွင် တနုံ့နုံ့ဖြင့် အသားတွင်းသို့ ဆူးဝင်သည့်ပမာ မျက်နေခြင်း၊ စိတ်အတွင်းတွင် တင်းပြီးမပေါက်ကွဲသေးသော အဆင့်၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့် မည်သို့မျှ မပြုရသေးသည့်အဆင့်ကို ‘ကောဓ’ (အမျက်) ဟု ခေါ်သည်။ ကောဓမှ အပြင်သို့ ပေါက်ကွဲထွက်လာပါက ဒေါသဖြစ်သည်။

မောဟဟူသည်မှာ တွေဝေမိုက်မဲခြင်းကို ခေါ်သည်။ မောဟ၏ သဘောတရားကို အများစုမှာ သဘောမပေါက်ကြဘဲ ရောထွေးနေတတ်ကြသည်။ အဝိဇ္ဇာနှင့် မောဟနှစ်ခုစလုံးသည် မသိခြင်းဟု အဓိပ္ပာယ်ထွက်သော်လည်း ကွဲပြားခြားနားသည်။ သစ္စာလေးပါးကို မသိခြင်းသည် အဝိဇ္ဇာဖြစ်ပြီး ဒိဋ္ဌိနှင့် ဆက်နွှယ်နေသည်။ မိမိလုပ်နေသော အလုပ်အပေါ်တွင် သတိမကပ်ဘဲ တွေဝေငေးငိုင်စွာ လုပ်နေခြင်း၊ မိမိလုပ်နေသော အလုပ်ကို ကုသိုလ် အကုသိုလ်ဟူ၍ ခွဲခြားမသိခြင်းသည် မောဟဖြစ်သည်။

မာနဟူသည်မှာ ထောင်လွှားခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ “မာန်တက်နေသည်၊ မာနကြီးနေသည်” ဟု ပြောလေ့ ရှိကြသည်။ မာနသုံးမျိုးရှိသည်။ သေဌမာန် (“ငါသာ မြတ်တယ်” ဟု မာန်တက်ခြင်း )၊ သဒိသမာန် (“ငါနဲ့ တန်းတူတွေပါပဲ” ဟု မာန်တက်ခြင်း) နှင့် ဟိနမာန် (“ငါက နိမ့်တယ်၊ ဒါပေမဲ့ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး” ဟု မာန်တက်ခြင်း) တို့ ဖြစ်သည်။

ဒိဋ္ဌိ (အယူမှားခြင်း) ၆၂ ပါး ရှိသော်လည်း ဒိဋ္ဌိသည် ရှစ်ပါးသော တရားများအပေါ်တွင် အမှီပြု၍ ဖြစ်တတ်သည်။ (၁) ခန္ဓာကိုယ်နှင့်ပတ်သက်၍၊ (၂) သစ္စာလေးပါးနှင့် ပတ်သက်၍၊ (၃) အတွေ့အထိနှင့်ပတ်သက်၍၊ (၄) မှတ်သားမှုနှင့်ပတ်သက်၍၊ (၅) အကြံအစည်နှင့်ပတ်သက်၍၊ (၆) နှလုံးသွင်းမှုနှင့်ပတ်သက်၍၊ (၇) မိုက်မဲသူများနှင့် ပေါင်းသင်းမိ၍၊ (၈) သူတစ်ပါး၏တရားစကားနှင့်ပတ်သက်၍ ဒိဋ္ဌိဖြစ်လာတတ်သည်။

၀ိစိကိစ္ဆာဟူသည်မှာ တွေးတောယုံမှားခြင်းသဘော၊ သို့လော သို့လော စိတ်နှစ်ခွဖြစ်ခြင်း သဘောကို ခေါ်ဆိုခြင်း ဖြစ်သည်။ ၀ိစိကိစ္ဆာသည်လည်း ရှစ်ပါးသော တရားများပေါ်တွင် အမှီပြု၍ ဖြစ်တတ်သည်။ (၁) ဘုရားရှင်၏ ၃၂ ပါးသော လက္ခဏာတော်များ၊ ဉာဏ်တော်များနှင့်ပတ်သက်၍၊ (၂) သစ္စာလေးပါး၊ မဂ်၊ ဖိုလ် ၊နိဗ္ဗာန်တို့သည် သံသရာမှ အမှန်တကယ် လွတ်/မလွတ်နှင့်ပတ်သက်၍၊ (၃) အရိယာပုဂ္ဂိလ်နှင့်ပတ်သက်၍၊ (၄) သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးပါးနှင့်ပတ်သက်၍၊ (၅) အတိတ်၌ ခန္ဓာ၊ အာယတန ဖြစ်/မဖြစ်နှင့်ပတ်သက်၍၊ (၆) အနာဂတ်၌ ခန္ဓာ၊ အာယတန ဖြစ်/မဖြစ်နှင့် ပတ်သက်၍၊ (၇) သံသရာတစ်လျှောက်လုံး ခန္ဓာ၊ အာယတန ဖြစ်/မဖြစ် နှင့် ပတ်သက်၍၊ (၈) ပဋိစ္စသမုပ္ပာဒ် တရားတော်နှင့်ပတ်သက်၍ ၀ိစိကိစ္ဆာ ဖြစ်လာတတ်သည်။

ထိနမိဒ္ဓဟူသည်မှာမူ ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်းသာ ဖြစ်သည်။

ဥဒ္ဓစ္စဟူသည် စိတ်ပျံ့လွင့်ခြင်းဖြစ်ပြီး စိတ်၏ပျံလွင့်ခြင်း၊ မငြိမ်သက်ခြင်းသဘောသည် ဥဒ္ဓစ္စတည်း။ ထို့ကြောင့် ဥဒ္ဓစ္စဟူသည် ပြာပုံပေါ်ခဲကျသောအခါ ပြာများလွင့်တတ်သကဲ့သို့ အာရုံတစ်ခုခုအပေါ်၌ ငြိမ်သက်စွာ မတည်နိုင်ဘဲ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက် ဖြစ်နေခြင်းပင်ဖြစ်သည်။ ထိုဥဒ္ဓစ္စနှင့် အတူတကွဖြစ်သော စိတ်သည်လည်း စိတ်လေစိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စအားကြီးနေသောအခါ ကိုယ်ခန္ဓာသည်လည်း မငြိမ်မသက် ဖြစ်နေရကား လူလေလူလွင့် ဖြစ်တတ်လေသည်။

အဟိရိကဟူသည် မကောင်းမှုလုပ်ရမည်ကို မရှက်ခြင်းသဘောပင် ဖြစ်သည်။ အကုသိုလ်ဒုစရိုက်မှုဟူသမျှ မစပ်ပုပ်နှင့်တူပြီး အဟိရိကကား ရွာဝက်ကြီးနှင့် တူလေသည်။ မစင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှပြီး မတော်တဆလူးမိပြန်လျှင် အများအလယ် ရှက်ဖွယ်ရာတည်း။ သို့သော် မစင်ကို အမွန်အမြတ်အစာဟု ထင်နေသော ရွာဝက်ကြီးကား ထိုမစင်ကို မစက်ဆုပ်မရွံရှာ၊ မစင်လူးရမည်ကိုလည်း မရှက်။ မစင်ထဲ၌ လူးကာ လှိမ့်ကာ မစင်များများ စားရသည်ကိုပင် ဂုဏ်ယူနေလေသည်။

အနောတ္တပ္ပဟူသည် မကောင်းမှုလုပ်ရမည်ကို မကြောက်ခြင်းပင်ဖြစ်သည်။အကုသိုလ် ဒုစရိုက်တို့သည် မီးတောက်မီးလျှံများနှင့်တူပြီး အနောတ္တပ္ပကား ပိုးဖလံနှင့် တူလေသည်။ မီးတောက်မီးလျှံတို့သည် ကြောက်မက်ဖွယ် အလွန်ကောင်း၏။ သို့သော် ပိုးဖလံတို့ကား ထိုမီးလျှံကို ကြောက်ဖွယ်ဟု မထင်ဘဲ ရဲရဲကြီးတိုးဝင်ကြလေသည်။ ထို့အတူ အကုသိုလ် ဒုစရိုက်များသည်လည်း ဘေးဒုက္ခအမျိုးမျိုးကို ဖြစ်စေတတ်သည့်အတွက် ကြောက်မက်ဖွယ်ကောင်းလှ၏။ ပိုးဖလံတို့က မီးတောက်မီးလျှံကို မကြောက်သကဲ့သို့ မကောင်းမှုလုပ်ရမည်ကို မကြောက်ခြင်းအား အနောတ္တပ္ပဟု ဆိုခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ “မနုသတ္တဘာဝ ဒုလ္လာဘ” ဆိုသည့်အတိုင်း ရခဲလှစွာသော လူ့ဘဝကို ရခိုက်တွင် လူဖြစ်ကျိုးနပ်စေရန်အတွက် ကိလေသာ ၁၀ ပါးကို တတ်နိုင်သမျှ ရှောင်ရှားကာ သူတော်ကောင်းတရားများကို ပွားများနိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

စက်တင်ဘာ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်