ပါရမီဟူသော စကားလုံးသည် သင်္သကရိုက်ဘာသာဖြစ်သော Pāramitā မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ယင်းသည် ပါဠိစကားလုံးကို လက်တင်အက္ခရာဖြင့် ဖလှယ်ပါက pāramī ဟူ၍ရပြီး အင်္ဂလိပ်ဘာသာစကားသို့ ပြန်ဆိုရာတွင် Perfection ဟူသော ဝေါဟာရဖြင့် ပြန်ဆိုမှုက ပို၍များသည်။ ဦးဟုတ်စိန်၏ ပါဠိ-မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် ပါရမီကို ‘ပရမ’ နှင့် ‘ဏီ’ ကို ပေါင်းစပ်ပြထား၍ အနက်ကို “အထွတ်အမြတ်၊ မြတ်သောသူ၏အဖြစ်” ဟူ၍ ပေးထားလေသည်။ မဟာယာန၊ ဝဇီရာရာမ ဗုဒ္ဓဘာသာတို့တွင် သက္ကတဝေါဟာရအတိုင်း ပါရမီတာ (Pāramitā) ဟူ၍ သုံးစွဲကြသည်။
‘ပါရမီ’ ဟူသည် မြင့်မြတ်သူတို့၏ လုပ်ငန်း သို့မဟုတ် အထပ်ထပ်ဆည်းပူးထားသော အလေ့အကျင့်ဟူသော အနက်အဓိပ္ပာယ်ရှိသည်။ ယင်း၌ ‘မြင့်မြတ်သောသူ’ ဆိုသည်မှာ မိမိအကျိုးအတွက် ပဓာနမထား၊ အများအကျိုးအတွက်နှင့် သံသရာမှ လွတ်မြောက်စေရန် လုပ်ဆောင်ကြသောသူများကို ဆိုလိုသည်။ မိမိအကျိုးအတွက် လောကကိုအသုံးချသူများမဟုတ်ဘဲ လောကအကျိုးအတွက် မိမိကိုယ်ကို အသုံးချသူများဖြစ်ကြသည်။ ဗုဒ္ဓဘာသာအရ ပါရမီဆိုသည်မှာ မြင့်မြတ်သူတို့သာ လုပ်ကိုင်ဆောင်ရွက်ကြသော လုပ်ငန်းများကို ဆိုလိုသည်။ ထိုပါရမီများကို ဖြည့်သော (သို့) လုပ်ဆောင်သောသူအများ၌ ဂေါတမဗုဒ္ဓသည် စံပြုထိုက်သည်။ ယင်းတွင် ဗုဒ္ဓအဖြစ်သို့ မရောက်မီ ရှေးကာလဘဝတစ်ခုဖြစ်သော သုမေဓာရသေ့ဘဝ ဗျာဒိတ်ရသည်မှစ၍ နောက်ဆုံးဘဝ ဂေါတမဗုဒ္ဓ၏ မဟာပရိနိဗ္ဗာန်စံသည်အထိ ဆောင်ရွက်ချက်များ ပါဝင်လေသည်။
ထေရဝါဒ ဗုဒ္ဓဘာသာ ပိဋကတ်များ၌ ပါရမီများကို အမျိုးအမည်အားဖြင့် ၁၀ မျိုး သတ်မှတ်ထားသည်။ ၎င်းတို့မှာ ဒါနပါရမီ (ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း)၊ သီလပါရမီ (ကိုယ်ကျင့်တရားကောင်းခြင်း)၊ နိက္ခမပါရမီ ( တပ်မက်မှုကင်းခြင်း)၊ ပညာပါရမီ (အမှန်တိုင်းသိမြင်ခြင်း)၊ ဝီရိယပါရမီ (ဇွဲလုံ့လကြီးခြင်း) ၊ ခန္တီပါရမီ (သည်းခံခွင့်လွှတ်ခြင်း) ၊ သစ္စာပါရမီ (မှန်ကန်ခြင်း) ၊ အဓိဋ္ဌာနပါရမီ (ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း) ၊ မေတ္တာပါရမီ (သူတစ်ပါးအကျိုးစီးပွားကို လိုလားခြင်း/မေတ္တာထားခြင်း) နှင့် ဥပေက္ခာပါရမီ (ချစ်ခြင်း မုန်းခြင်း၊ ဆင်းရဲချမ်းသာကို ဂရုမထားဘဲ သင့်တင့်စွာ ဆင်ခြင်ခြင်း)တို့ ဖြစ်ကြသည်။
ပါရမီများကို ယေဘုယျအားဖြင့် ဘုရားလောင်းကျင့်စဉ်ဟု ခေါ်ဆိုကြသည်။ မြင့်မြတ်သူတို့၏ လုပ်ငန်းစဉ်ဟူ၍လည်း ခေါ်ဆိုနိုင်သည်။ ထိုသူများ၌ ကိလေသာ အာသဝေါ ကုန်ခန်းသော ပုဂ္ဂိုလ်များသာမက ထိုသို့ကိလေသာကုန်စင်စေရန် အားထုတ်နေသောသူများကိုလည်း ဆိုလိုသည်။ ထိုပါရမီများကို အမြင့်ဆုံးနေရာ၌ ဆောင်ရွက်ရာတွင် သမ္မာသမ္ဗုဒ္ဓဘုရားသည် စံဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ကလျာဏပုထုစဉ်အဆင့်မှနေ၍ ပစ္စေကဗုဒ္ဓအထိရှိသော ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များအားလုံးသည် သမ္မာသမ္ဗုဒ္ဓဘုရား၏ ဆောင်ရွက်ချက်များ၌ ပါဝင်နေသောကြောင့်ဖြစ်သည်။
ပါရမီလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပါရမီမြောက်ခြင်း၊ မမြောက်ခြင်းရှိသည်။ ဤတိုင်းတာမှုကို အဓိကအားဖြင့် အင်္ဂါနှစ်ရပ်အပေါ်တွင် အခြေခံနိုင်သည်။ ကရုဏာရှိခြင်းနှင့် သံသရာမှ လွတ်မြောက်ရန် ရည်မှန်းချက်ရှိခြင်းဖြစ်၏။ ပထမအင်္ဂါရပ်တွင် ကိုယ်ကျိုးကိုအဓိကမထားဘဲ သူတစ်ပါး/အများအကျိုးအတွက်ဟူသော စိတ်စေတနာနှင့် လုပ်ဆောင်ခြင်းဖြစ်သည်။ ‘အတ္တသင်္ဂဟ’ ဟု ခေါ်ဆိုသော မိမိကိုယ်သာ ချီးမြှောက်ခြင်းဖြင့် ‘ငါ’ ကောင်းစားရေးအတွက် လုပ်ဆောင်သည်မျိုးမဟုတ်ပေ။ လောကသင်္ဂဟဟုတွင်သော လောကကို ချီးမြှောက်ခြင်းဖြင့် တစ်လောကလုံး ကောင်းစားရေးဟူသည့် စိတ်စေတနာဖြင့် လုပ်ဆောင်ပါမှ ပါရမီပြည့်မြောက်သည်။ သို့မှသာ မြင့်မြတ်သူတို့၏ ဆောင်ရွက်ခြင်းမည်ပေသည်။
သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်အောင် လောကအကျိုးဆောင်သောသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်၍ ပစ္စေကဗုဒ္ဓ၊ မဟာသာဝက ဖြစ်နိုင်စေရန် လောကကိုသယ်ပိုးဆောင်ရွက်သူများသည် ပစ္စေကဗုဒ္ဓ၊ မဟာသာဝကများဖြစ်မည်။ ထို့အတူ ပကတိသာဝကအဖြစ်သို့ ရောက်အောင် လောကကောင်းကျိုးပြုသူများသည်လည်း ပကတိသာဝက ဖြစ်မည်ဖြစ်၏။ ဤသည်မှာ လောကဓမ္မ၏ အကြောင်းအကျိုးများပင်ဖြစ်သည်။ ဤသို့ အကြောင်းရှိလျှင် ဤသို့အကျိုးရမည်ဖြစ်သည်။ ပါရမီကို မြင့်မြတ်သူတို့၏ လုပ်ငန်းစဉ်/ကျင့်စဉ်ဟု ဆိုရာ မမြင့်မြတ်သူများသည် သူတစ်ပါးက မိမိထက်သာမည်ကို စိုးရိမ်၊ မနာလို၊ ဝန်တိုဖြစ်သော်လည်း မြင့်မြတ်သူများက သူတစ်ပါး လက်ရှိအနေအထားမှ နိမ့်ကျသွားမည်ကို စိုးရိမ်ကာ မိမိထက်သာသွားလျှင် ဝမ်းမြောက်ချီးကျူးကြသည်။
မည်သို့ပင်ဆိုစေကာမူ ပါရမီဖြည့်ကျင့်သူများသည် မိမိအကျိုးအတွက် လောကကို အသုံးချသူများ မဟုတ်ဘဲ လောကအကျိုးအတွက် မိမိကိုယ်ကို အသုံးချသူများသာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
စက်တင်ဘာ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်