ရွှေ့ဆိုင်းထားသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို စက်တင်ဘာ (၂၁) ရက်တွင်  စင်ကာပူနိုင်ငံ၌ ပြုလုပ်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာ Pot 2  တွင် ကျရောက်နေ

ရွှေ့ဆိုင်းထားသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို စက်တင်ဘာ (၂၁) ရက်တွင်  စင်ကာပူနိုင်ငံ၌ ပြုလုပ်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာ Pot 2  တွင် ကျရောက်နေ
Photo: AFF
Photo: AFF
Published 13 September 2021

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည်  ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို လာမည့်စက်တင်ဘာ  (၂၁) ရက်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်မည်ဖြစ်ကြောင်း စက်တင်ဘာ (၁၂) ရက်က တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည်  အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ယခင်က သြဂုတ် (၁၀) ရက်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

AFF သည် ပြိုင်ပွဲကို အသင်း (၁၀) သင်းအား (၅)သင်း နှစ်အုပ်စုခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

AFF သည်  ဒေသတွင်းအဆင့်သတ်မှတ်ချက်အနိမ့်ဆုံး နှစ်သင်းကိုခြေစစ်ပွဲကစားစေမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်သည့်အသင်းမှာ တိုက်ရိုက်ကစားခွင့်ရမည့် (၉)သင်းနှင့်အတူ နောက်ဆုံးအဆင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

လက်ရှိတွင် ပြိုင်ပွဲဝင်မည့် အသင်းများအား အဆင့်သတ်မှာတ်ချက်အနေဖြင့် Pot များခွဲဝေသတ်မှတ်ထားရာ Pot 1 တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ထိုင်း၊ Pot 2  တွင် ဖိလစ်ပိုင်၊ မြန်မာ၊ Pot 3 တွင် မလေးရှား၊ စင်ကာပူ၊ Pot 4  တွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ Pot 5  တွင် လာအို၊ ဘရူနိုင်း သို ့မဟုတ် တီမောအသင်းတို ့ ကျရောက်နေသည်။

AFF သည် ပြီးခဲ့သည့်နှစ်က ကျင်းပနိုင်ခြင်းမရှိသဖြင့် ရွှေ့ဆိုင်းထားရသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ယခုနှစ်ကုန်ပိုင်းသို့ ရွှေ့ဆိုင်းထားပြီး ဒီဇင်ဘာ ၅ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

AFF သည် ပြိုင်ပွဲကျင်းပမည့်ပုံစံကို နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပရန် ဦးစားပေးစီစဉ်ထားခဲ့သော်လည်း ကပ်ရောဂါကြောင့် အိမ်ရှင်တစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံ(Centralized Venue) ရွေးချယ်၍ ကျင်းပသွားရန်ဆုံးဖြတ်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲအဖြစ် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး နှစ်လယ်ပိုင်းတွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး ဆူဇူကီးဖလား ပြိုင်ပွဲမတိုင်မီ တစ်လ သို့မဟုတ် နှစ်လဝန်းကျင် အချိန်ယူ ပြင်ဆင်သွားမည်ဖြစ်သည်။

ဆူဇူကီးဖလားပြိုင်ပွဲကို (၁၂)ကြိမ်ကျင်းပပြီးစီးထားပြီး ထိုင်းအသင်းက ချန်ပီယံဆု(၅)ကြိမ်ဖြင့် အအောင်မြင်ဆုံးဖြစ်နေကာ စင်ကာပူက (၄)ကြိမ်၊ ဗီယက်နမ်က (၂)ကြိမ်၊ မလေးရှားက (၁)ကြိမ် ဗိုလ်စွဲထားသည်။

မြန်မာအသင်းမှာမူ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ဆီမီးဖိုင်နယ် (၂ )ကြိမ်တက်ရောက်ထားသည်။

Most Read

Most Recent