အယူသည်းခြင်း

အယူသည်းခြင်း
Published 10 September 2021

“ဘာသာရေးဟူသည့် ကန့်လန့်ကာတို့၏ နောက်ကွယ်၌ မည်သည့်အရာမျှ မရှိချေ။ လူတို့က ၎င်းတို့၏စိတ်ကူးစိတ်သန်းမှန်သမျှကို ၎င်းတို့နားလည်သဘောပေါက်သလို ဘာသာရေးကန့်လန့်ကာ နောက်၌သွတ်သွင်းထားကြခြင်းသာ ဖြစ်၏။”

ရဝမ်ဒါစာရေးဆရာ Bangambiki Habyarimana ၏ Pearls Of Eternity စာအုပ်မှ ကောက်နုတ်ချက်

အယူသည်းခြင်းအချို့ကို မိမိတို့ကိုးကွယ်ရာ ဘာသာရေးမှတစ်ဆင့် ဖြစ်ပေါ်လာသည်ဟု ယူဆကြသူများ ရှိကြသည်။ စင်စစ်၊ အယူသည်းခြင်းဆိုသည်မှာ သဘာဝလွန် အဖြစ်အပျက်များကို ရိုးရာအစဉ်အလာအားဖြင့် သို့မဟုတ် မသိလိုက်မသိဘာသာ ယုံကြည်လက်ခံကျင့်သုံးခြင်းပင်ဖြစ်သည်။ အချို့သော ထုံးတမ်းစဉ်လာများမှာမူ အယူသည်းခြင်းများနှင့် ဆက်စပ်နေသော်လည်း အယူသည်းမှုအနေဖြင့် မဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်အဖြစ် အစဉ်လာမပျက် ပြုလုပ်နေခြင်းမျိုးဖြစ်သည်။ အမှန်တကယ်၌ အယူသည်းခြင်းသည် ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက ရှိခဲ့ခြင်းဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် ကူညီသလ ို ဖေးမသလိုနှင့် ပြောကြဆိုကြ တားကြရင်းက တစ်ယောက်၏ အယူသည်းမှုက အခြားတစ်ယောက်ဆီသို့ လက်ဆင့်ကမ်း ကူးစက်လာခြင်းမျိုး ဖြစ်သည်။ အယူသည်းမှုသည် ပညာတတ်ခြင်းနှင့် ပညာမတတ်ခြင်းနှင့် မသက်ဆိုင်ဘဲ ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့်သာ သက်ဆိုင်သည်။

ဥပမာအားဖြင့် မြန်မာတို့၏မိရိုးဖလာ အယူသည်းမှုများထဲတွင် လယ်တွင်းကိုးခရိုင်ဒေသ (ကျောက်ဆည်နှင့် ပြင်ဦးလွင်တို့ ပါဝင်) တွင် လူကိုးယောက် သို့မဟုတ် ၁၃ ယောက် ခရီးမသွားကောင်းဟု ယုံကြည်ကြခြင်း၊ ခရီးသွားရာတွင် ရောက်မည့်အချိန်ကို မခန့်မှန်းကောင်းဟု ယုံကြည်ကြခြင်းနှင့် ညဘက်တွင် အိမ်ထဲ၌ ခြေသည်းလက်သည်း မညှပ်ကောင်းဟု ယုံ ကြည်ကြခြင်း အစရှိသည်တို့ ပါဝင်သည်။

အလားတူစွာပင် နိုင်ငံတကာ၌လည်း အရိုးစွဲနေသည့် ထင်ရှားသော အယူသည်းခြင်းများ ရှိသည်။ နမူနာအချို့ကို ဝီကီပီးဒီးယားမှ ကောက်နုတ်ကာ တင်ပြရလျှင်-

၁၃ ဂဏန်းနှင့် ဆက်စပ်သော အယူသည်းမှု - ခရစ်တော်သည် နောက်ဆုံး ညစာစားပွဲတွင် တပည့်သာဝက ၁၃ ဦးနှင့်အတူ ညစာစားခဲ့သည်။ ထို့အတွက်ကြောင့် ၁၃ ဂဏန်းကို ကံမကောင်းသောဂဏန်းအဖြစ် လူအများစုက လက်ခံထားကြသည်။ ကမ္ဘာပေါ်ရှိ ဟိုတယ်အများစုတွင် ၁၃ ဂဏန်း သို့မဟုတ် ပေါင်းခြင်းဖြင့် ၁၃ ရသော အခန်းနံပါတ်များကို ထားလေ့မရှိကြပေ။ အချို့ဟော်တယ်များတွင် ၁၃ ထပ်ကိုပင် အင်္ဂလိပ်အက္ခရာဖြင့် ပြောင်းလဲထားလေ့ရှိသည်။ ၁၃ ဂဏာန်း၏ အဓိပ္ပာယ်မှာ “ဖျက်လိုဖျက်ဆီးခြင်း” ဟု သတ်မှတ်သည်။ ဂီတတွင်လည်း Major 13 Chord သည် ဖျက်လိုဖျက်ဆီးလိုက်သော ဂီတသံစဉ်ဖြစ်သည်ဟု ဆိုသည်။ ယင်းဂီတသံစဉ်ကို ပုန်ကန်သည့် ဂီတအသံဖြစ်သည်ဟု ဆိုသည်။ ခရစ်ယာန်တို့၏ ကျမ်းစာများ၌ ဘုရားမနှစ်သက်သောအရာ ၁၃ မျိုးရှိသည်ဟု ဆိုသည်။ ၁၃ သည် ကံမကောင်းသော နံပါတ်ဖြစ်သည်ဟု သတ်မှတ်သောကြောင့် အချို့သော လေကြောင်းလိုင်းများတွင် ၁၃ နံပါတ် လေယဉ်ထိုင်ခုံမပါရှိပါ။

အသုဘအခမ်းအနားများမှ အယူသည်းမှု - အသုဘအခမ်းအနားများ၌ ပန်းခွေချခြင်းသည် အယူသည်းမှုမှ ဆင်းသက်လာသော ထုံးတမ်းစဉ်လာတစ်ခုဖြစ်သည်။ ရှေးယခင်အချိန်များက အသုဘအခမ်းအနားများတွင် ပန်းခွေချခြင်းဖြင့် သေဆုံးသူ၏ဝိညာဉ်ကို လွတ်ထွက်မသွားအောင် ထိန်းချုပ်နိုင်သည်ဟု ယူဆခဲ့ကြသည်။ နောင်တွင် ထိုအယူအဆသည် ထုံးတမ်းစဉ်လာတစ်ခုဖြစ်လာခဲ့သည်။ စစ်ဘက်ဆိုင်ရာ အသုဘအခမ်းအနားများတွင် သေနတ်ပစ်ဖောက်ခြင်းသည် တစ်ချိန်က တစ္ဆေသရဲများကို ခြောက်လှန့်သည့်အနေနှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နောင်တွင် သေနတ်ဖောက်ခြင်းသည် သေသူကိုဂုဏ်ပြုသည့် ထုံးတမ်းစဉ်လာတစ်ခုဖြစ်လာခဲ့သည်။

လှေကားအောက်မှဖြတ်လျှောက်ခြင်း - အနောက်တိုင်းတွင် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု ယူဆကြသည်။ ထိုအယူအဆသည် ပြင်သစ်နိုင်ငံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးယခင်က ပြင်သစ်နိုင်ငံတွင် သေဒဏ်ကျခံရသည့် သူသည် ခေါင်းဖြတ်စက်ပေါ်သို့ အတက်တွင် လှေကားအောက်မှ ဖြတ်လျှောက်ရသည်။ ထို့အတွက်ကြောင့် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု အနောက်တိုင်းတွင် ယူဆကြသည်။

အခြားသော အယူသည်းမှုများတွင် မွေးနေ့ကိတ်ပေါ်ရှိ ဖယောင်းတိုင်များကို တစ်ချက်တည်း မှုတ်နိုင်ပါက ဆုတောင်းပြည့်မည်ဟု ယူဆကြခြင်းနှင့် လက်ထပ်လက်စွပ်ကို ချွတ်မိပါက ကံမကောင်းဟု ယူဆခြင်းအစရှိသည်တို့ ပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ၊ အယူသည်းခြင်းကြောင့် ဘဝ၌လုပ်ဆောင်ရမည့် အရာများ လက်မလွတ်သွားစေရန်အတွက် အယူသည်းသောသူ ပြောသည့်အခါတိုင်း သတိဖြင့် ဆင်ခြင်သုံးသပ်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent