လူပြော မသန်၊ လူသန် မပြော

လူပြော မသန်၊ လူသန် မပြော
Published 31 August 2021

အသေးငယ်ဆုံး လုပ်ဆောင်မှုသည် အကြီးမားဆုံး ရည်ရွယ်ထားမှုထက် ပို၍ ကောင်းသည်သာဖြစ်၏။

ဂျွန်ဘော်ရို (၁၈၃၇-၁၉၂၁)

အမေရိကန် အက်ဆေးဆရာ

ဘီစီ ၅ ရာစုက တရုတ်တွေးခေါ်ရှင် လောင်ဇူးက “He who knows, does not speak. He who speaks, does not know.” (သိသောသူက မပြော၊ ပြောသောသူက မသိ) ဟု ဆိုခဲ့ဖူးသည်။ မြန်မာတို့တွင်လည်း “လူပြော မသန်၊ လူသန် မပြော” ဟူ၍ အလားတူ ဆိုရိုးစကား ရှိထားသည်။ တစ်စုံတစ်ရာကို လုပ်ဆောင်မည်ဟု ပြောခြင်းနှင့် တစ်စုံ တစ်ရာကို အမှန်တကယ် လုပ်ဆောင်လိုက်ခြင်းတို့အကြား အကြီးအကျယ် ကွဲပြားခြားနားသည်ကို လူတိုင်း သိကြသည်။ မည်သူမဆို “ငါ ဒါကို လုပ်နိုင်တယ်” ဟု ပြောတတ်ကြသည်။ သို့သော် ပြောသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်ကြပါ၏လော။ အမေရိကန် အထက်လွှတ်တော်အမတ် လူးဝစ်ကက်စ် (၁၇၈၂- ၁၈၆၆) က “မင်း ပြောတာကို လူတွေက သံသယရှိမှာပဲ။ ဒါပေမဲ့ မင်း လုပ်တာကိုတော့ လူတွေက ယုံကြည်ကြလိမ့်မယ်” ဟု ဆိုဖူးသည်။ ယင်းသည် ပြောခြင်းနှင့် လုပ်ခြင်းတို့အကြားမှ အကြီးမားဆုံး ခြားနားချက်လည်း ဖြစ်သည်။

လူပေါင်းများစွာတို့သည် ၎င်းတို့၏ ရည်မှန်းချက်များနှင့် အိပ်မက်များကို တွင်တွင် ပြောလျှင် ဖြစ်လာလိမ့်မည်ဟု ယုံကြည်တတ်ကြသည်။ ကံမကောင်း အကြောင်းမလှစွာပင် ပြုဖွယ်ဆောင်တာနှင့် အမှန်တကယ် လုပ်ဆောင်မှုတို့အကြား ကွဲပြားခြားနားလျက် ရှိသည်။ မိမိ အလိုရှိရာကို ပြောခြင်းမှတစ်ဆင့် သွားခြင်းသည်လည်း မိမိ၏ ရည်မှန်းရာများ ကို ဆောင်ရွက်နေခြင်းမှနေ၍ ကွဲပြားခြားနားသည်။ အဝတ်လျှော်၊ မီးပူတိုက်၊ စျေးဝယ် အစရှိသော ကိစ္စများကဲ့သို့ နေ့စဉ်ပြုဖွယ်ကိစ္စများဖြင့် မအားလပ်အောင် ရှိခြင်းသာမက အလုပ်နှင့် ဆက်နွှယ်နေသော ဖုန်းခေါ်ဆိုမှုများကို ပြန်လည်ဖြေကြားခြင်းနှင့် အစည်းအဝေးထိုင်ခြင်းကဲ့သို့သော အလုပ်များသည်ပင်လျှင် ထုတ်လုပ်မှုရှိသော အလုပ်များနှင့် ကွဲပြားခြားနားသေးသည်။ ထုတ်လုပ်မှုရှိသော အလုပ်များဟူသည် ပိုမိုကြီးမားသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် ပို၍ကြီးမားသော အခွင့်အလမ်းများဆီသို့ ဦးတည်စေရန် အထောက်အကူပြုခြင်းတို့နှင့် ပတ်သက်နေသော အလုပ်များ ဖြစ်သည်။

လူများစွာတို့သည် ရည်မှန်းထားသော အလုပ်တစ်ခုကို စတင်ကာစ၌ အလွန် အဆင်ပြေ ကောင်းမွန်တတ်ကြသည်။ ယင်းကို ပြီးပြည့်စုံပြီဟုလည်းကောင်း၊ မိမိကိုယ်မိမိ ကျွမ်းကျင်ပိုင်နိုင်ပြီဟုလည်းကောင်း မမှတ်ယူအပ်ပေ။ ပြီးပြည့်စုံပြီဟု ထင်ခြင်းသည် တိုး တက်မှု၏ ရန်သူဖြစ်ပြီး ကျရှုံးမှုဆီသို့ ဦးတည်သွားစေနိုင်သည်။ တစ်စုံတစ်ရာကို ကျွမ်း ကျင်ပိုင်နိုင်ရေးအတွက် အဓိကထားနေမည့်အစား တစ်ဆင့်ပြီးတစ်ဆင့် ရှေ့သို့တိုး၍ တိုး၍သွားနိုင်ရေးကိုသာ ဦးစားပေးရမည်ဖြစ်သည်။ တစ်စုံတစ်ရာသည် ပြီးပြည့်စုံမှု မရှိပါက ပျင်းရိသွားခြင်း၊ စိတ်မပါတော့ခြင်း မဖြစ်သင့်ပေ။ အစွမ်းအစရှိသူများစွာတို့သည် ရည်မှန်းထားသည့် အလုပ်များစွာတို့ကို စတင်ပြီးနောက် ပျင်းရိသွားခြင်း သို့မဟုတ် စိတ်မပါတော့ခြင်း သို့မဟုတ် အခြားသူများက ဟန့်တားခြင်း အစရှိသည်တို့ကြောင့် စွန့်လွှတ်လိုက်တတ်ကြသည်။ အလွန်နည်းပါးသော သူတို့သည်သာလျှင် အရာရာကို လုပ်ကိုင်သည့်အတိုင်း အဆင်ပြေမည်ဖြစ်သည်။ တစ်စုံတစ်ရာကို အပြီးသတ်နိုင်ရေးကသာ ပို၍ အရေးကြီးပြီး အပြီးသတ်အထိ မရောက်မချင်း အပြစ်အနာအဆာ ရှိတတ်သည်သာ ဖြစ် သည်။ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲပြီး အနည်းငယ်သာ အားထုတ်သူများသည်လည်း ပန်းတိုင်နှင့် ဝေးကွာ၍ နေတတ်ကြသည်။ မိမိ၏ ရည်မှန်းချက်များဆီသို့ သွားမည့် ခြေလှမ်းများအား တားဆီးကာကွယ်မည့် အခြေအနေရပ်များက အမြဲတမ်း ရှိနေမည်သာ ဖြစ်သည်။ မိမိအနေဖြင့် တစ်ခါတစ်ရံ ယာယီရပ်နားကာ အချိန်ကောင်းကို စောင့်ရတတ်သည်။ အချိန်တန်သည်နှင့် မိမိအလိုရှိရာကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည်။

လူတစ်ဦးအနေဖြင့် ကိုင်စွဲထားသော သဘောတရားပေါင်းများစွာ ရှိနိုင်သည်။ သူ့တွင် အကောင်းဆုံး ကျွမ်းကျင်မှု၊ အကောင်းဆုံး စိတ်ထားနှင့် အခိုင်မာဆုံး ယုံကြည်ချက်တို့လည်း ရှိနိုင်သည်။ သို့သော် ထိုင်နေရုံဖြင့် ယင်းအရာများအားလုံး အလိုအလျောက် သူ့ထံမှ ပေါ်ထွက်လာမည်မဟုတ်ပါ။ လုပ်ခြင်းသည်သာ အောင်မြင်မှုအားလုံး၏ အခြေခံ ဖြစ်သည်။ လုပ်ဆောင်ချက်တိုင်းက အောင်မြင်မှုကို ပေးနိုင်လိမ့်မည် မဟုတ်သော်လည်း လုပ်ဆောင်ချက်မရှိဘဲ မည်သည့်အောင်မြင်မှုမျှ ဖြစ်လာနိုင်မည်မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ အပြောသည် အလုပ်မဟုတ်ဘဲ အလုပ်တစ်ခုကသာ လုံးဝ ကွဲပြားခြားနားသော တစ်စုံတစ်ရာကို ဆောင်ကြဉ်းပေးနိုင်သောကြောင့် ပထမဆုံး ခြေလှမ်းကို ယခုပင် စ၍ လှမ်းလိုက်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာလ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent