ဦးကျော်မိုးထွန်းအား ရည်ရွယ်၍ လုပ်ကြံရန်ကြံစည်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ်၏ ပြောဆိုချက်အား ကန့်ကွက်ကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ဦးကျော်မိုးထွန်းအား ရည်ရွယ်၍ လုပ်ကြံရန်ကြံစည်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ်၏ ပြောဆိုချက်အား ကန့်ကွက်ကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 9 August 2021

ဦးကျော်မိုးထွန်းအားရည်ရွယ်၍ လုပ်ကြံ ရန်ကြံစည်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ်၏ ပြောဆိုချက်အား ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြောင်း MRTV ည ၈ နာရီ သတင်းကြေညာချက်အရ သိရသည်။

နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ အမြဲတမ်းကိုယ်စားလှယ် မစ္စစ်လင်ဒါသောမတ် ဂရင်းဖီးလ်သည် ရာထူးမှ ထုတ်ပယ်ထားသည့် အမြဲတမ်းကိုယ်စားလှယ်ဟောင်း ဦးကျော်မိုးထွန်းအား ရည်ရွယ်၍ လုပ်ကြံရန်ကြံစည်မှုနှင့် စပ်လျဉ်းပြီး ကျူးလွန်သူများကို ဖမ်းဆီးထားမှုဆိုင်ရာ သတင်းထုတ်ပြန်ချက်တစ်ရပ်အား သြဂုတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံအတွင်း သက်ဆိုင်ရာနိုင်ငံက လက်ခံနေထိုင်ခွင့်ပြုထားသူများအကြား ဖြစ်ပွားသည့် ပြည်တွင်း ဖြစ်စဉ်ကြောင့် အမေရိကန်နိုင်ငံ၏ ဥပဒေကြောင်းအရသာ တရားစီရင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိဟု မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း MRTV သတင်းကြေညာချက်တွင် ဖော်ပြသည်။

ထို့ပြင် ယခင်မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သော အမိန့်နှင့်ညွှန်ကြားမှုအား လိုက်နာမှုမရှိခြင်း အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း၊ တရားမဝင်နှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့အား  ကိုယ်စားပြုဆောင်ရွက်ခြင်းကြောင့် ၎င်းအား ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းမှ အစပြု၍ နိုင်ငံ့ဝန်ထမ်းဥပဒေ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုထားကြောင်း၊ ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံတရားစီရင်ရေးဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ၎င်းအား လွှဲပြောင်းပေးရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဇူလိုင် ၁၂ ရက်တွင် တောင်းဆိုထားပြီးဖြစ်ကြောင်း၊ ဦးကျော်မိုးထွန်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံ၏ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုချက်အား ယခုတိုင်ဆောင်ရွက်ပေးခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ်၏ ပြောဆိုချက်များသည် မြန်မာနိုင်ငံအပေါ် စွပ်စွဲပြစ်တင်သည့် သဘောထားဖြစ်ပြီး ဗီယင်နာကွန်ဗန်းရှင်းပါ သံတမန်တစ်ဦး လိုက်နာရမည့်အချက်များကို ချိုးဖောက်ကြောင်း တွေ့ရှိရသည့်အတွက် မြန်မာမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်ထားကြောင်း သတင်းကြေညာချက်အရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဥပဒေကြောင်း အရအရေးယူရန်ရှိသည့် ဦးကျော်မိုးထွန်းအပေါ် ယခုကဲ့သို့ ရပ်တည်ထောက်ခံပေးခြင်းသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား စောင့်ထိန်းရမည့်ကျင့်ဝတ်ကို လိုက်နာရန် သွေဖည်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်များကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း၊ ကုလသမဂ္ဂပဋိဉာဉ်စာတမ်းပါ ပြဋ္ဌာန်းထားပြီး ဖြစ်သည့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံမှ ဝင်ရောက်စွတ်ဖက်မှုမရှိဘဲ အပြန်အလှန်လေးစားမှု ရှိရန်ဆိုသည့် ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းပါ အခြေခံမှုများကို လိုက်နာရန်နှင့် တောင်းဆိုသည်ဟု ထုတ်ပြန်ထားကြောင်း MRTV သတင်းကြေညာချက်တွင် ဖော်ပြသည်။

Most Read

Most Recent