ကျိုက်ထိုမြို့တွင် ရွှေထည်လက်ဝတ်ရတနာ လုယက်သွားသူများအား ဖမ်းဆီးရမိ

ကျိုက်ထိုမြို့တွင် ရွှေထည်လက်ဝတ်ရတနာ လုယက်သွားသူများအား ဖမ်းဆီးရမိ
Published 19 July 2021
ဘိုဘိုမြင့်

ကျိုက်ထိုမြို့တွင် ဇူလိုင် ၁၈ ရက်က ရွှေထည်လက်ဝတ်ရတနာ လုယက်သွားသူများအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၅ ရက် ညနေ ၃ နာရီခွဲခန့်က ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက် သီရိလမ်းနေ ကျိုက်ထိုမြို့ ကမ္ဘောဇဘဏ်ခွဲ လက်ထောက်ကြီးကြပ်ရေးမှူးဖြစ်သူ ဦးလင်းလင်းထိုက်သည် ၎င်းပိုင်ဆိုင်ကယ်ဖြင့် မြို့ရှောင်လမ်းဘက်မှ နေအိမ်သို့ ပြန်လာစဉ် ကျိုက်ထိုမြို့နယ် ငယ်ဒိုးကျေးရွာ အာဘောကုန်းထိပ်အရောက်၌ အမည်မသိ လူငယ်ခြောက်ဦးသည် ဆိုင်ကယ်သုံးစီးဖြင့် ၎င်း၏ ဆိုင်ကယ်ရှေ့တွင် ပိတ်ရပ်ကာ ၎င်းကိုယ်ပေါ်၌ ဝတ်ဆင်ထားသော ရွှေထည်လက်ဝတ်ရတနာပစ္စည်းများ ကာလတန်ဖိုး (ကျပ် ၆၃၄၀၀၀) အား လုယူပြီး မြို့ရှောင်လမ်းအတိုင်း လက်ပြကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အရေးယူပေးရန် ဦးလင်းလင်းထိုက်က ကျိုက်ထိုမြို့မရဲစခန်းတွင် ဇူလိုင် ၁၈ ရက် နံနက်က သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုက်ထိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရားခံဖမ်းဆီးရမိရေးအတွက် ဇူလိုင် ၁၈ ရက် မွန်းလွဲပိုင်းတွင် လိုက်လံစုံစမ်းရာ ကျိုက်ထိုမြို့နယ် ကော့စံနိုင်ရပ်ကွက်နေ ရဲမောင် (၂၁ နှစ်) ကို မသင်္ကာဖွယ်တွေ့ရှိပြီး ခေါ်ယူစစ်ဆေးခဲ့ရာမှ ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်နေသူများဖြစ်သည့် အောင်သူ (၂၃ နှစ်)၊ သံချောင်း (၂၆ နှစ်)၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် နေသူများဖြစ်သည့် ရန်နောင်စိုး (၂၄ နှစ်)၊ သန်းဝင်းဇော် (၁၉ နှစ်)နှင့် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်နေ ပါကျဲ (ခ) ငထက် (၁၅ နှစ်) တို့အတူ ပါဝင်ကျူးလွန်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ရွှေထည်လက်ဝတ်ရတနာပစ္စည်းများ လုယက်သွားသူ ရဲမောင်ပါ ခြောက်ဦးအပေါ် ကျိုက်ထိုမြို့မရဲစခန်းက (ပ) ၁၁၉/၂၀၂၁၊ ပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent