ကနီမြို့နယ်တွင် မပေါက်ကွဲသေးသည့် RPG ဗုံးသီးကို ပုဆိန်ဖြင့် ထုခွဲရာမှ ပေါက်ကွဲကာ သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ

ကနီမြို့နယ်တွင် မပေါက်ကွဲသေးသည့် RPG ဗုံးသီးကို ပုဆိန်ဖြင့် ထုခွဲရာမှ ပေါက်ကွဲကာ သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ
Published 7 July 2021

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ဇူလိုင် ၆ ရက်က မပေါက်ကွဲသေးသည့် RPG ဗုံးသီးကို ပုဆိန်ဖြင့် ထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ပြီး သုံးဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ RPG ဗုံးသီးကို ကနီမြို့နယ် ကျေးရွာတစ်ရွာမှ ဒေသခံအချို့သည် တောထဲ၌ နွားကျောင်းသွားရင်း တွေ့ရှိရာမှ ကျေးရွာသို့ ကောက်ယူ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ဆက်လက်သိရသည်။

“တောထဲမှာ နွားကျောင်းသွားရင်း တွေ့တော့ ရွာကို ယူလာကြတာ။ မပေါက်ကွဲသေးတဲ့ RPG ပေါ့။ ရွာထဲရောက်တော့ ကလေးတွေက ပုဆိန်နဲ့ အဲဒီ RPG ကို ထုရိုက်ခွဲရာကနေ ပေါက်ကွဲသွားတာ။ ပေါက်ကွဲတော့ လူသုံးယောက် သေတယ်။ လူ လေးဦးကတော့ ထိခိုက်ဒဏ်ရာ ရသွားတယ်”ဟု ကနီမြို့နယ် ဒေသခံတစ်ဦးက ပြောကြားသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများတွင် နှစ်နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ကြောင်း ကျန်သေဆုံးသူ နှစ်ဦးမှာ အသက် ၂၀ အရွယ် တစ်ဦးနှင့် အသက် ၅၀ ကျော် တစ်ဦးတို့ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကနီမြို့နယ်အတွင်းရှိ နေရာအချို့တွင် လက်တလော နိုင်ငံရေးပဋိပက္ခကြောင့် စစ်ပွဲသုံး မပေါက်ကွဲသေးသည့် ပစ္စည်းအချို့ တွေ့ရှိနေရကြောင်း အဆိုပါ မပေါက်ကွဲသေးသည့် စစ်ပွဲသုံးပစ္စည်းများပေါ်တွင် ၁၉၄၈ ခုနှစ်က ထုတ်လုပ်သည့် စာသားများ ပါရှိကြောင်း သိရသည်။

Most Read

Most Recent