ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရမှု ဇူလိုင် ၆ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာအနီး နေသူများထံမှ စုံစမ်းသိရှိရသည်။
ဇူလိုင် ၆ ရက် ည ၇ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ယာဉ်မောင်းဖြစ်သူတို့မှာ အုပ်ချုပ်ရေးမှူးရုံးမှအပြန် အဆိုပါရုံးရှေ့၌ပင် သေနတ်ဖြင့် အပစ်ခံခဲ့ရကြောင်း အဆိုပါနေရာအနီး နေသူများထံမှ သိရသည်။
“ရုံးကအထွက်မှာ ဖြစ်တာ။ အချိန်က ၇ နာရီလောက်ကပါ။ အုပ်ချုပ်ရေးမှူးနဲ့ သူ့ကား မောင်းတဲ့သူ သူတို့ နှစ်ယောက်စလုံး အပစ်ခံရတာ။ သေတာ မသေတာတော့ မသိရသေးဘူး။ သေနတ်နဲ့ ပစ်ပြီး ရပ်ကွက်ထဲမှာ လာစစ်တာတွေ ရှိတယ်”ဟု အဆိုပါနေရာအနီး နေသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလမှစ၍ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ မကြာခဏဆိုသလို သေနတ်ဖြင့် အပစ်ခံရမှုများ ဖြစ်ပွားလျက် ရှိသည်။
ထို့ပြင် ဒဂုံတောင်မြို့နယ် ၇၂ ရပ်ကွက် အုပ်ချုပ်ရေးရုံးစာရေးမ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးမှု ဇွန် ၂၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန် ၂၈ ရက် ညနေ ၅ နာရီခွဲခန့်တွင် ဒဂုံတောင်မြို့နယ် ၇၂ ရပ်ကွက် အုပ်ချုပ်ရေးရုံး၏ စာရေးမ ဒေါ်မြတ်မြတ်ထွေး (၄၄ နှစ်) မှာ နေအိမ်သို့ ပြန်လာစဉ် နေအိမ်အနီးအရောက် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း အဆိုပါနေရာအနီး နေထိုင်သူများထံမှ သိရသည်။
ဒဂုံအရှေ့မြို့နယ်ရှိ ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရသဖြင့် သေဆုံးမှု ဇွန် ၂၇ ရက်က ဖြစ်ပွားခဲ့သည်။
ဇွန် ၂၇ ရက် နံနက် ၁၀ နာရီခွဲကျော်ခန့် တွင် ဒဂုံအရှေ့မြို့နယ်၊ ကျန်စစ်သားလမ်းနှင့် ရာဇသင်္ကြန်လမ်းထောင့်အနီးရှိ ကွမ်းယာဆိုင်တွင် ရာအိမ်မှူး အမျိုးသားမှာ အဆိုပါဆိုင်တွင် ထိုင်နေစဉ် သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်ကြောင်း အဆိုပါနေရာအနီး နေသူများထံမှ သိရသည်။
သေနတ်ဖြင့် အပစ်ခံပြီးနောက် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း အဆိုပါနေရာအနီး နေသူများထံမှ သိရသည်။
ထို့အတူ လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်မှု ဇွန် ၁၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ၁၉ ရပ်ကွက် ရာအိမ်မှူးအား ပစ်ခတ်ခဲ့သည်ဟု ဆိုသော်လည်း ၎င်းရာအိမ်မှူးကို ထိမှန်ခြင်းမရှိဟု စုံစမ်းသိရှိရသည်။
လှိုင်သာယာမြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များ၌ ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်ပြီး လူနေထူထပ်သည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၁၇ ရက် နံနက်ပိုင်းကလည်း စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် အပစ်ခံရ၍ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူးသည် သံတံတားလမ်းအတွင်း ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူသည် ဇွန် ၁၆ ရက် နံနက်ပိုင်းက ၁၃ ရပ်ကွက်ရှိ ပင်လုံစျေးအနီးတွင် သေနတ်ဖြင့် ဦးခေါင်းကို အပစ်ခံရပြီး အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ မကြာခဏ ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဇွန် ၉ ရက်က ဗဟိုလမ်းနှင့် သံတံတားလမ်းထိပ် လက်ဖက်ရည်ဆိုင်အနီး၌ လည်းကောင်း၊ ဇွန် ၁ ၂ ရက်တွင် ဗဟိုလမ်းပေါ်ရှိ ဇေယျာသီရိ ဘုန်းကြီးကျောင်းရှေ့ ပတ်ဝန်းကျင်တွင် လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
ထို့ပြင် ဇွန် ၁၃ ရက်က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းရှိ မုန့်လက်ဆောင်းကုန်း (မြောက်) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ မော်တော်ယာဉ် (အငှားယာဉ်) တွင်လည်း လက်လုပ်ဗုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှစပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအချို့ သေနတ်ဖြင့် အပစ်ခံရခြင်း၊ ဓားဖြင့် အထိုးခံရခြင်းများ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။