ငွေကြေးလှုံ့ဆော်မှုနှင့် မြန်မာ့စီးပွားရေးအကျပ်အတည်း

ငွေကြေးလှုံ့ဆော်မှုနှင့် မြန်မာ့စီးပွားရေးအကျပ်အတည်း
Published 3 July 2021

Stimulus Package ဟူသည် ယက်ကန်ယက်ကန်ဖြစ်နေသည့် စီးပွားရေးတစ်ရပ်အား လှုံ့ဆော်ရန် အစိုးရက အကောင်အထည်ဖော်သည့် စီးပွားရေးဆိုင်ရာ လုပ်နည်းလုပ်ဟန်များ အပေါင်းအစုတစ်ရပ်ဖြစ်သည်။ Stimulus Package ၏ ရည်ရွယ်ချက်မှာ အလုပ်ခန့်ထားမှုနှင့် သုံးစွဲမှုကို အားပေးမြှင့်တင်ခြင်းဖြင့် စီးပွားရေး ပြန်လည်အားကောင်းစေရန်နှင့် စီးပွားရေးပျက်ကပ်ကို ကာကွယ်ရန် သို့မဟုတ် ပြန်လည်နာလန်ထစေရန် ဖြစ်သည်။ Stimulus Package ၏ အသုံးဝင်မှုနောက်ကွယ်မှ သဘောတရားသည် Keynesian စီးပွားရေးပညာ၌ အခြေခံပြီး ယင်းကအစိုးရ၏သုံးစွဲမှုကို မြှင့်တင်လျက် စီးပွားရေးပျက်ကပ်တစ်ရပ်၏ ရိုက်ခတ်မှုကို လျှော့ချနိုင်သည်ဟု အခိုင်အမာ ဆိုထားသည်။

Stimulus Package သည် စီးပွားရေးဆုတ်ယုတ်မှု သို့မဟုတ် စီးပွားရေးပျက်ကပ်မှနေ၍ စီးပွားရေးတစ်ရပ်ကို လှုံ့ဆော်ကယ်တင်ရန် အစိုးရ၏သုံးစွဲမှုကို မြှင့်တင်ခြင်းအား အခွန်အတုပ်များနှင့် အတိုးနှုန်းတို့ကို လျှော့ချခြင်းတို့နှင့်အတူ အချိုးညီစွာ ဆောင်ရွက်ရသည့် အားထုတ်မှုဖြစ်သည်။ Keynesian စီးပွားရေးပညာက အကြမ်းရေးဆွဲထားသည့် သဘောတရားများအပေါ် အခြေခံလျက် ရည်မှန်းချက်မှာ အလုပ်ခန့်ထားမှု၊ စားသုံးသူတို့၏သုံးစွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို တိုးမြှင့်ခြင်းမှတစ်ဆင့် စုစုပေါင်းဝယ်လိုအားကို တိုးမြှင့်ရန်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်၏ စီးပွားရေးဆိုင်ရာ ရိုက်ခတ်ချက်ကြောင့် စီးပွားရေးရပ်တန့်မှုကို တုံ့ပြန်ရန်အတွက် Stimulus Package အဖြစ် ဒေါ်လာနှစ်ထရီလျံသုံးစွဲရန် ၂၀၂၀ ပြည့်နှစ် မတ် ၂၆ ရက်တွင် အမေရိကန်အထက်လွှတ်တော်က အတည်ပြုခဲ့သည်။ ယင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးကျဆင်းမှုက ရိုက်ခတ်ခဲ့သည့် လူတစ်ဦးချင်း၊ မိသားစုများနှင့် လုပ်ငန်းငယ်များကို သက်သာချောင်ချိရေးအတွက် ထောက်ပံ့ရန်ဖြစ်သည်။

Stimulus Package သည် နိုင်ငံတစ်နိုင်ငံကို စီးပွားရေးဆုတ်ယုတ်မှု သို့မဟုတ် စီးပွားရေးပျက်ကပ်မှ ဆွဲထုတ်ရန် သို့မဟုတ် စီးပွားရေးကျဆင်းမှုမှ ကာကွယ်ရန် အစိုးရက သုံးစွဲမှုမြှင့်တင်လျက် ကမ်းလှမ်းသည့် မက်လုံးများစွာနှင့် အခွန်ပြန်အမ်းငွေတို့ ဖြစ်သည်။ Stimulus Package သည် ငွေကြေးဆိုင်ရာလှုံ့ဆော်မှု (Monetary Stimulus) ဖြစ်နိုင်သကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ လှုံ့ဆော်မှု (Fiscal Stimulus) လည်း ဖြစ်နိုင်သည်။ ငွေကြေးဆိုင်ရာ လှုံ့ဆော်မှုတွင် စီးပွားရေးကို လှုံ့ဆော်ရန် အတိုးနှုန်းများ လျှော့ချခြင်း ပါဝင်သည်။ အတိုးနှုန်းများ လျှော့ချသည့်အခါ ငွေချေးရန် ကုန်ကျစရိတ် သက်သာသွားသောကြောင့် လူများအား ငွေချေးယူရန် မက်လုံးပေးမှုဖြစ်စေသည်။ ငွေချေးယူမှု တိုးတက်လာခြင်းက ငွေကြေးလည်ပတ်မှု၌ ငွေအင်အား ပိုများလာစေပြီး ငွေစုရန် မက်လုံးလျော့ကျကာ သုံးစွဲရန် မက်လုံးပိုစေသည်။ အတိုးနှုန်းလျှော့ချမှုက နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးလဲလှယ်မှုနှုန်းကိုလည်း အားပျော့သွားစေနိုင်ရာ နိုင်ငံခြားတင်ပို့မှုမြှင့်တင်ရေးဆီ ဦးတည်သွားစေနိုင်သည်။

နိုင်ငံခြားတင်ပို့မှု မြင့်တက်လာသည့်အခါ စီးပွားရေးအတွင်း ငွေကြေးစီးဝင်မှု မြင့်တက်လာပြီး သုံးစွဲမှုကို အားပေးခြင်းနှင့် စီးပွားရေးကို လှုပ်နှိုးခြင်းတို့ ဖြစ်စေသည်။ ဘဏ္ဍာရေးလှုံ့ဆော်မှု၏ ဖြစ်နိုင်ဖွယ် ပြဿနာတစ်ရပ်မှာ လူထုသုံးစွဲမှုကို မြှင့်တင်ရန်အတွက် အစိုးရအနေဖြင့် ငွေချေးယူရမှုကို တိုးမြှင့်ရခြင်းဖြစ်ပြီး ယင်းက “အကြွေး - ဂျီဒီပီ အချိုး” (Debt-to-GDP Ratio) မြင့်တက်မှုဆီ ဦးတည်သွားစေသည်။ ၎င်းအပြင် လူထုသည် သုံးစွဲမှုပြုလုပ်မည့်အစား အပိုထွက်လာသည့်ငွေကို ဘာမျှမလုပ်ဘဲ မိမိတို့ဘာသာစုထားရန် ရွေးချယ်နိုင်သေးရာ Stimulus Package ကို မထိမရောက် ဖြစ်သွားစေနိုင်သည်။

ငွေကြေးဆိုင်ရာ လှုံ့ဆော်မှု၏ အခြားပုံသဏ္ဌာန်တစ်ခုမှာ “အရေအတွက်အရ ဖြေလျှော့မှု” (Quantitative Easing) ဖြစ်သည်။ ယင်းမှာ နိုင်ငံတစ်နိုင်ငံ၏ ဗဟိုဘဏ်က ငွေချေးစာချုပ်များကဲ့သို့သော ဘဏ္ဌာရေးဆိုင်ရာ ပိုင်ဆိုင်မှု အရေအတွက်ပေါင်းများစွာကို ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် အခြားဘဏ္ဌာရေးဆိုင်ရာ အင်စတီကျူးရှင်းတို့မှ ဝယ်ယူခြင်းပါဝင်သည့် ချဲ့ထွင်ထားသော ငွေကြေးဆိုင်ရာ မူဝါဒဖြစ်သည်။ ယင်းဘဏ္ဌာရေးဆိုင်ရာ ပိုင်ဆိုင်မှုများကို အရေအတွက်ပေါင်းများစွာ ဝယ်ယူခြင်းသည် ဘဏ္ဌာရေးဆိုင်ရာ အင်စတီကျူးရှင်းများက ထိန်းထားသည့် ပိုလျှံနေသော အပိုအရန်ငွေကြေးများကို မြင့်တက်စေပြီး ငွေထုတ်ချေးခြင်းကို တိုးတက်စေကာ ငွေကြေးလည်ပတ်မှု၌ ငွေကြေးထောက်ပံ့မှုကို တိုးတက်စေလျက် ငွေချေးစာချုပ်စျေးနှုန်းများကို မြှင့်တင်ပေးသည်။ အမြတ်ပြန်အမ်းငွေနှင့် အတိုးနှုန်းတို့ကို လျော့ကျစေသည်။

၂၀၂၀ ပြည့်နှစ် မတ်လတွင် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်းများစွာတို့သည် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို တုံ့ပြန်သောအားဖြင့် Stimulus Package များကို ဟန်ချက်ညီညီ အပြိုင်ကြိုးပမ်းလာကြသည်။ ယင်း၌ အတိုးနှုန်းများကို သုညနားကပ်သွားအောင် လျှော့ချခြင်းနှင့် ဘဏ္ဍာရေးစျေးကွက်များသို့ တည်ငြိမ်အောင် ထိန်းရေးလုပ်ငန်းစဉ်များ ထောက်ပံ့ခြင်းတို့ပါဝင်သည်။ ယင်းတို့ကို အခွန်အတုပ်လျှော့ချခြင်း၊ ကဏ္ဍအလိုက် ငွေထုတ်ချေးခြင်း၊ အလုပ်ရပ်နားခံရသော လုပ်သားများအား အရေးပေါ် အလုပ်လက်မဲ့ ထောက်ပံ့မှု ပြုလုပ်ခြင်းတို့နှင့် ပူးတွဲလုပ်ဆောင်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် လုပ်ငန်းများစွာ ရပ်နားထားရသည်မှာ ကြာပြီဖြစ်ပြီး စီးပွားရေးလှုံ့ဆော်မှု ပြုလုပ်ရမည့်အစား နိုင်ငံရေးဂယက်ကြောင့် ဘဏ်များတွင် မိမိတို့အပ်နှံထားသည့်ငွေများပင် ပြန်လည်ထုတ်ယူရခက်ခဲနေမှုက ဆန့်ငင်ဆန့်ငင်ဖြစ်နေသည့် စီးပွားရေးကို အသေသတ်သကဲ့သို့ ဖြစ်နေသည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇူလိုင် ၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent