စကော့တလန်နှင့် သရေကျသဖြင့် စိတ်ပျက်မိကြောင်းနှင့် လူငယ်ကစားသမားအချို့မှာ ဖိအားဒဏ်ခံနိုင်ရည်မရှိဟု အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် သုံးသပ်

စကော့တလန်နှင့် သရေကျသဖြင့် စိတ်ပျက်မိကြောင်းနှင့် လူငယ်ကစားသမားအချို့မှာ ဖိအားဒဏ်ခံနိုင်ရည်မရှိဟု အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် သုံးသပ်
Photo: AFP
Photo: AFP
Published 20 June 2021

 

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က စကော့တလန်အသင်းအား အနိုင်မရဘဲ သရေကျခဲ့သဖြင့် စိတ်ပျက်မိကြောင်းနှင့် လူငယ်ကစားသမားအချို့မှာ ဖိအားဒဏ်ကို ခံနိုင်ရည်မရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ယူရို-၂၀၂၀ ပြိုင်ပွဲ အုပ်စု (D) ဒုတိယ ပွဲစဉ်အဖြစ် သောကြာနေ့ညပိုင်းက ဗြိတိန် ကျွန်းစုပြိုင်ဘက် အင်္ဂလန်နှင့် စကော့တလန် အသင်းတို့ ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။ 

အင်္ဂလန်အသင်းသည် ခရိုအေးရှားနှင့်ပွဲမှ ပွဲထွက်စာရင်းကို ခံစစ်အစွန်နှစ်နေရာ အပြောင်း အလဲပြုလုပ်ခဲ့ပြီး ပျမ်းမျှအသက်မှာ ၂၅ နှစ် ၃၁ ရက်သာရှိသဖြင့် အသင်းသမိုင်းတစ်လျှောက် မေဂျာပြိုင်ပွဲများ၌ အသက်အငယ်ဆုံးလူစာရင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပွဲအစပိုင်းတွင် အင်္ဂလန်အသင်း ကစားပုံ ကောင်းပြီး မေဆန်မောင့်ကန်တင်ပေးသည့် ထောင့်ကန်ဘောကို ဂျွန်စတုန်းစ် ခေါင်းတိုက် သွင်းယူရာ တိုင်ထိသွားသဖြင့် နစ်နာခဲ့ရသည်။

သို့သော် အင်္ဂလန်အသင်းအနေဖြင့် ပထမပိုင်းတစ်ပိုင်းလုံး စကော့တလန်အသင်း ဂိုးပေါက်ကို တစ်ကြိမ်မျှ မခြိမ်းခြောက်နိုင်ခဲ့သလို ဒုတိယပိုင်းတွင်လည်း မေဆန်မောင့်၏ ကန်ချက်တစ်ကြိမ်သာ ဂိုးပေါက်တည့်သည် အထိ အခြေအနေဆိုးရွားခဲ့သည်။ စကော့ တလန်အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရသည့် လူငယ်ကွင်းလယ်လူ ဂီလ်မော် ခြေ စွမ်းပြနိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် လင်နွန်ဒိုက်စ်၏ သွင်းယူမှုကို ရီးဂျိမ်းစ် ဂိုးစည်းပေါ်မှရှင်းထုတ်နိုင်သဖြင့် အင်္ဂလန်အသင်း သက်သာ ခဲ့ရခြင်းဖြစ်သည်။ အင်္ဂလန်အသင်းအနေဖြင့် ယခုပွဲ သရေရလဒ်ကြောင့် ချက်အသင်းနှင့် ရမှတ်တူ (လေးမှတ်)၊ ဂိုးကွာခြားချက်အကွာ ဖြင့် ဒုတိယနေရာ၌သာ ဆက်လက်ရပ်တည် နိုင်ခဲ့သည်။

သို့ဖြစ်ရာ ဆောက်ဂိတ်က "ဒါက စိတ်ပျက်စရာကောင်းတဲ့ညဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာ သိပါတယ်။ ဒီရလဒ်အတွက် ကျွန်တော်ကစပြီး တစ်သင်းလုံး ကိုယ့်ကိုယ်ကိုပဲ ပြန်သုံးသပ်ရမှာပါ။ ဒီညမှာ နိုင်ပွဲရဖို့အတွက် လုံလောက်တဲ့အခြေအနေမရှိခဲ့ပါဘူး။ ကျွန်တော်တို့က ငယ်ရွယ်နုပျိုတဲ့အသင်းပါ။ သူတို့ထဲမှာ တချို့က ဒီလိုညမျိုးရဲ့ ပြင်းထန်မှုနဲ့ ဖိအားကို ရင်ဆိုင်နိုင်ဖို့ လုံလောက်တဲ့ အတွေ့အကြုံမရှိပါဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent