အင်္ဂလန်နှင့်ပွဲတွင် လူမျိုးရေးခွဲခြားမှုဆန့်ကျင်သောအပြုအမူဖြစ်သည့် ဒူးထောက်ခြင်း ခရိုအေးရှားအသင်း ပြုလုပ်မည်မဟုတ်

အင်္ဂလန်နှင့်ပွဲတွင် လူမျိုးရေးခွဲခြားမှုဆန့်ကျင်သောအပြုအမူဖြစ်သည့် ဒူးထောက်ခြင်း ခရိုအေးရှားအသင်း ပြုလုပ်မည်မဟုတ်
Photo: The Athletic
Photo: The Athletic
Published 10 June 2021

ခရိုအေးရှားလက်ရွေးစင်အသင်းသည် လာမည့်တနင်္ဂနွေနေ့တွင်  အုပ်စု(D)အဖွင့်ပွဲအဖြစ် အိမ်ရှင် အင်္ဂလန်အသင်းနှင့် ကစားမည့်ပွဲတွင် ဒူးထောက်မည်မဟုတ်ကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့သည်။

အင်္ဂလန်အသင်းသည် ဇွန်လ (၂)ရက်က  ကစားခဲ့သည့် သြစတြီးယားအသင်း၊ ဇွန်လ (၆) ရက်က ကစားခဲ့သည့် ရိုးမေးနီးယားအသင်းတို့နှင့် ခြေစမ်းပွဲများတွင် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သည့်အပြုအမူအဖြစ် ပွဲမစမီ ဒူးထောက်ခြင်းကို ပြုလုပ်ခဲ့ကြပြီး အသင်းပရိသတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။

သို့သော် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က မိမိတို့အနေဖြင့် ယူရိုပြိုင်ပွဲတွင် လူမျိုးရေးခွဲခြားမှုဆန့်ကျင်သည့်အနေဖြင့် ပွဲမစမီ ဒူးထောက်ခြင်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုထားသည်။

သို့သော် လာမည့်တနင်္ဂနွေနေ့တွင် အင်္ဂလန်အသင်းနှင့်ကစားမည့် ခရိုအေးရှားအသင်းမှာမူ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်သော အပြုအမူဖြစ်သည့် ဒူးထောက်ခြင်းကို ပြုလုပ်မည်မဟုတ်ကြောင်း သိရသည်။

The Athletic ၏ ဖော်ပြချက်အရ ခရိုအေးရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ တိုမစ်ဆလက်ဗ်က UEFA ၏ညွှန်ကြားချက်မရှိသည့်အတွက် လူမျိုးရေးခွဲခြားမှုအား ဆန့်ကျင်သည့်အပြုအမူကို ပြုလုပ်သွားမည်မဟုတ်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ခရိုအေးရှားလက်ရွေးစင်အသင်းသည် လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်သည့်အနေဖြင့် ပွဲမစမီ ဒူးထောက်မှုများပြုလုပ်ခဲ့သည့်အချိန်မှစပြီး ကစားခဲ့သည့် နိုင်ငံတကာပွဲစဉ်များတွင် ဒူးထောက်ခြင်းပြုလုပ်ခဲ့ ခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် မတ်လ (၃၁) ရက်က ကစားခဲ့သည့် UEFA ဥရောပ ယူ-၂၁ ချန် ပီယံရှစ်အုပ်စုပွဲစဉ် အင်္ဂလန် (၂-၁) ခရိုအေးရှားပွဲတွင်လည်း အင်္ဂလန်အသင်းမှာ ဒူးထောက်ခဲ့သော်လည်း ခရိုအေးရှားမှာ ဒူးထောက်ခဲ့ခြင်းမရှိဘဲ မတ်တပ်သာရပ်နေခဲ့ကြောင်း သိရှိရသည်။

၂၀၂၀ မေလ (၂၅)ရက်က အမေရိကန်နိုင်ငံတွင် လူဖြူရဲများ၏ အင်အားသုံးဖမ်းဆီးမှုကြောင့် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် သေဆုံးခဲ့ရခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဘောလုံးပွဲများတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကွင်းအတွင်း ပရိသတ်များပြန်လည်ဝင်ရောက်ခွင့်ရရှိလာပြီးနောက် ယင်းလုပ်ရပ်နှင့်ပတ်သက်ပြီး ဝေဖန်မှုများလည်းရှိနေသည်။ 

Most Read

Most Recent