အပြင်မှာ ရုပ်တည်ကြီးနဲ့နေလို့ပရိသတ်ကပြောကြတယ်ဆိုတဲ့ သရုပ်ဆောင် ဦးချစ်စရာ

အပြင်မှာ ရုပ်တည်ကြီးနဲ့နေလို့ပရိသတ်ကပြောကြတယ်ဆိုတဲ့ သရုပ်ဆောင် ဦးချစ်စရာ
Published 10 May 2021

ဟာသသရုပ်ဆောင် ဦးချစ်စရာဟာ ဇာတ်လမ်းတွေမှာ ဟာသဇာတ်ရုပ်တွေမှာ ပီပြင်တာကြောင့် ပရိသတ် ချစ်ကြပါတယ်။ လူသေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ ဟာသသရုပ်ဆောင် ဖြစ်ပါတယ်။ လက်ရှိတွင် အသက် ၇၃ နှစ်အရွယ်သို့ ရောက်ရှိနေပြီး မျက်စိဝေဒနာ ရောဂါ၊ ဆီးချိုရောဂါ၊ နားရောဂါဝေဒနာတွေကို ခံစားနေရတယ်လို့ သိရပါတယ်။

မေး - ဦးချစ်ရဲ့ လက်ရှိဘဝ ဖြတ်သန်းမှုကို ပရိသတ်ကိုပြောပြပါဦး။

ဖြေ - ဝင်ငွေကတော ့ပင်စင်ပေါ့။ ဦးချစ်က ဝန်ထမ်းလုပ်ခဲ့တော့ပင်စင် ရတယ်လေ။ ဦးချစ်နေတဲ့အိမ်ကို အဆောင်သဘောလေး ငှားထားတာရှိတယ်။ ကျန်းမာရေးက ပရိသတ်တွေ အားလုံးသိကြတဲ့ အတိုင်းပဲ ဘယ်ဘက်မျက်စိက လုံးဝကွယ်သွားတယ်။ ညာဘက်ကိုလည်းဆေးနဲ ့ထိန်းထားရတယ်။ ဆီးချိုရောဂါ ဖြစ်နေတာလည်း ၂၁ နှစ်ကျော်ပြီ။ နားလည်းနည်းနည်းလေးတယ်။

မေး - အနုပညာအလုပ်တွေမလုပ်တော့တာ ဘယ်လောက်ကြာပြီလဲ။

ဖြေ - ဇာတ်ကားတွေ မရိုက်တော့တာ သုံးနှစ်ရှိသွားပြီ။ ကိုယ့်ဘာသာ မရိုက်တော့တာ။ လာပြောကြတဲ့ သူတွေရှိတယ်။ နားကလည်းလေး၊ မျက်စိကလည်း မကောင်းတော့  တွဲဖက်သရုပ်ဆောင်ရမယ့် အနုပညာရှင်တွေကိုအားနာလို့ပါ။ အလုပ်ထဲမှာကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို ့ကိုယ့်ဘာသာ မရိုက်တော့တာ။

မေး - အနုပညာလောကထဲကို ဘယ်အချိန်က ရောက်လာတာလဲ။

ဖြေ - ၁၉၇၇ ခုနှစ်ကတည်းက စလုပ်တာ။ အသက်တော့ မမှတ်မိတော့ဘူး။ ဆရာဦးဝင်းဖေ။ပန်တျာကျောင်း အုပ်ကြီးလေ။ သူရိုက်တဲ့ ပန်းစကားဆိုတဲ့ ဇာတ်ကားမှာ စရိုက်တာ။ မင်းသားက ဦးကျော်ဟိန်း၊ မင်းသမီးတော့ မမှတ်မိတော့ဘူး။

မေး - ဦးချစ်က ဦးကျော်ဟိန်းနဲ့ ဇာတ်ကားရိုက်တာများတယ်နော်။

ဖြေ - ဟုတ်တယ်။ ဝေလည်း မွှေးကြွေလည်းမွှေး ဇာတ်ကားကို ပရိသတ် တော်တော်အားပေးကြတယ်။ ဦးချစ်ရဲ့ သမိုင်းဇာတ်ကားလို့ ပြောလို့ရပါတယ်။

မေး - အခုလိုအနုပညာအလုပ်တွေ မလုပ်ရတော့ စိတ်ကနေနိုင်လား။

ဖြေ - စိတ်ကဘယ်နေနိုင်မလဲ။ငယ်ငယ်ကတည်းက ပိုးပါလာတာဆိုတော့ စိတ်ကဘယ်ကုန်မလဲ။ ကျန်းမာရေးကြောင့် ဇာတ်ကားရိုက်လို့ အဆင်မပြေတော့လို့ နားလိုက်တာပါ။ နားလေးတော့ ဇာတ်ကားပြောတာတွေ မကြားရတော့ဘူးလေ။ နားလည်မှုရှိတဲ့ မင်းသားကကျတော့စကားကို ကျယ်ကျယ်ပြောပေးတယ်။ နားလည်မှု မရှိတဲ့သူတွေကျတော့ ဟန်လောက်ပန်လောက်ပဲ ပြောတော့ ဦးချစ်က မကြားတော့ အလုပ်တွေ အဆင်မပြေမှာစိုးလို့ ကိုယ့်ဘာသာအသိနဲ ့ဇာတ်ကားတွေ မရိုက်တော့တာ။ ခရီးတွေလည်း ထွက်မရိုက်နိုင်တော့ဘူးလေ။

မေး - ဟာသပညာဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်ချင်လဲ။

ဖြေ - ဟာသပညာဆိုတာ တစ်ယောက်နဲ ့တစ်ယောက် အတိုင်အဖောက်လေးတွေ ပြောတာရှိတယ်။ တစ်ယောက် ပြောတဲ့စကားကို တစ်ယောက်က နင်းပြီးပြောတာလေးတွေရှိတယ်။ ဟာသဉာဏ်နဲ့ ပြန်ပြောရတာတွေရှိပါတယ်။ ကိုယ်တိုင်ကလည်း ပျော်ပျော်နေတတ်မှ ရမှာပေါ့နော်။ ဦးချစ်ကဇာတ်ကားထဲမှာသာပျော်ပါးခုန်ပေါက် မြူးထူးနေတာအပြင်မှကျတော့ တည်တည်ပဲနေတယ်။ ဒါကသဘာဝပဲလေ အပြင်မှာ ရူးတူးပေါတောနဲ့နေရင် ဘယ်အဆင်ပြေပါ့မလဲ။ အပြင်မှာ တည်တည်ကြီးနေလို့ ပရိသတ်က ပြောကြတယ်။

မေး - ပရိသတ်ကို နှုတ်ဆက်စကား ပြောပေးပါဦး။

ဖြေ - လောကကြီးမှာ ဘယ်ဘာသာမဆို ဘာသာရေးက အရေးအကြီးဆုံးပါ။ ဘာသာရေးကိုဦးစားပေးပြီး လိုက်စားတဲ့သူ တစ်ယောက်က အသက်ရှည်တယ်။ ဒါနပြုရင်တော့ စီးပွားတိုးတတ်တယ်ပေါ့နော်။ မကောင်းတာမလုပ်နဲ့ ကောင်းတာပဲ ရွေးလုပ်ကြလို့ ပရိသတ်ကို ပြောချင်ပါတယ်။

ဟာသဆိုတာ လူအများကို ရယ်ရအောင်လုပ်ရတဲ့ ပညာဖြစ်ပါတယ်။ ရယ်အောင်လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ စကားလုံးနဲ့ရယ်အောင်လုပ်ခြင်း၊ အမူအရာနဲ့ရယ်အောင်လုပ်ခြင်း၊ ကိုယ်ပန်ဟန်နဲ ့ရယ်အောင်လုပ်ခြင်း စတဲ့အချက်တွေနဲ့ကိုက်ညီတဲ့ သရုပ်ဆောင်ဦးချစ်စရာရဲ့ ဟာသပညာကို ပရိသတ်ကချစ်ကြတယ်။ သရုပ်ဆောင် ဦးချစ်စရာရဲ့ပုံစံကိုမြင်တာနဲ ့ ပရိသတ်က ရယ်ချင်နေတာလည်း သူ့ရဲ့ ကံကောင်းခြင်းဖြစ်ပါတယ်။ လူသေးသေးလေးဖြစ်နေတာကလည်း သူ့ရဲ့ ကံကောင်းခြင်းလို့ ဦးချစ်စရာက ပြောပါတယ်။ ဒီလိုပုံစံကြောင့် ချစ်စရာ ဖြစ်လာတာပါတဲ့။ အနုပညာ အလုပ်တွေကို ကျန်းမာရေးကြောင့် မလုပ်နိုင်တော့ပေမဲ့ သူ့စိတ်ထဲမှာ ပရိသတ်တွေ  ရှိနေပါတယ်လို့ ပြောပါတယ်။

Most Read

Most Recent